ကလေးမြို့ ၊ (ကာလေးမြို့ သမိုင်း)
ကောဇာသက္ကရာဇ် “၃၂၈” တပို့တွဲလပြည့်ကျော် (၅) ရက် တနင်းဂနွေနေ့ နေတက် (၂၂)ဖ၀ါးအချိန်တွင် မဟာစောလုန်ကြီး၏ သမက်တော် ကျေးတောင်းညိုကို စော်ဘွားအရာထား၍ တည်ထောင်သည်။
မြို့လေးမြို့ ကာရန်ထား၍ ကာလေးမြို့ဟု သမုတ်သည်။ အရှေ့မြောက်ထောင့်အရပ်တွင် ရွှေတောင်မြို့၊ အရှေ့ တောင်ထောင့်အရပ်တွင် စဥ့်တုံမြို့၊ အနောက်တောင်ထောင့်အရပ်တွင် မံလုံ မြို့၊ အနောက်မြောက်ထောင့် အရပ်တွင် ခမ်းပတ်မြို့ တို့ တည်ရှိသည်။
အဇာတသတ်မင်း (၅)ဆက်မြောက်သောအခါ ရှေးဝေသာလီပြည် (ဗုဒ္ဓခေတ် ပြည်သူ့ဒီမိုကရေစီနိုင်ငံ) ယခု အိန္ဒိယ မှ နှင်ထုတ်လိုက်သောအခါ ယခု ကလေးမြို့နယ် ရာဇဂြိုဟ် တွင် နွယ်ပတ်မြို့ကို စတင်တည် ထောင်သည်။
၎င်းမင်းဆက် (၅၈) ဆက်မြောက်တွင် “စာကိုရေး ကလေးတည်” ၃၂၈ တွင် ပထမ ကာလေးမြို့ ကို တည်ထောင်သည်။
ကာလေးမြို့ စော်ဘွား စောရွှေဟာ သက္ကရာဇ် (၉၉၉) ခုနှစ်၊တပို့တွဲ လဆန်း (၇) ရက် ညနေ (၄) နာရီအချိန် တွင် ဒုတိယအကြိမ် မွမ်းမံပြင်ဆင်ခဲ့သည်။
ကောဇာသက္ကရာဇ် (၁၁၂၃) ခုနှစ်၊ နယုန်လဆန်း (၁၀) ရက် ၊ဗုဒ္ဓဟူးနေ့ သန်းခေါင်ကျော် (၃) နာရီ မထိုးမှီ တွင် စော်ဘွားစောခန်းကယ်မှ တတိယအကြိမ် မွမ်းမံခဲ့သည်။
ကောဇာသက္ကရာဇ် (၁၂၄၈) ခုနှစ်တွင် “မောရိယ မင်းလှရာဇာ ကျော်ခေါင်” ဘွဲ့ကို ခံယူ၍ စော်ဘွားမောင်ဖာကြီး အုပ်ချုပ်သည်။၎င်းစော်ဘွားလက်ထက် (၁၂၅၁) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့၊ဗုဒ္ဓဟူးနေ့၊နေ့လည် (၁) နာရီ အချိန်တွင် စတုတ္ထ အကြိမ် ကလေးမြို့ကို မွမ်းမံ သည်။
ထိုအခါ အသစ်ဖြစ်သော လေးမြို့ကာ မြို့များမှာ အရှေ့မြောက်ထောင့် တိန်းငြင်းမြို့၊ အရှေ့တောင်ထောင့် တင်သားမြို့၊အနောက်တောင်ထောင့် မံလုန်မြို့၊အနောက်မြောက်ထောင့် အိပ်စွပ်မြို့တို့ ဖြစ်သည်။
(၁) ရွှေဗတာင်မြို့သည် ကလေးမြို့၏ အရှေ့မြောက်ထောင့်အရပ် (၅) မိုင်ခန့်အကွာ မြစ်သာမြစ်၏ အရှေ့ဘက် ကမ်းတွင် တည်ရှိသည်။ယခုအချိန်တွင် တောအတိ ဖြစ်နေသည်။
(၂)ှစဥ့်တုံမြို့သည် ကလေးမြို့၏ အရှေ့တောင်ထောင့်အရပ် (၅) မိုင်ခန့်အကွာ မြစ်သာမြစ်၏ အနောက်ဘက် ကမ်းတွင် တည်ရှိသည်။ယခုအချိန်တွင် တောကြီးဖြစ်နေသည်။
(၃) မံလုံ မြို့သည် ကလေးမြို့၏ အနောက်တောင်ထောင့်အရပ် (၁၆) မိုင်ခန့်အကွာတွင် တည်ရှိသည်။ယခု ငါးဖါး ကျေးရွာ အနီးတွင် တည်ရှိသည်။
(၄) ခမ်းပတ်မြို့သည် ကလေးမြို့၏ အေနာက်မြောက်ထောင့်အရပ် မိုင်(၅၀) ခန့် အကွာတွင် တည်ရှိသည်။ ယခုအခါ တမူးခရိုင် ခမ်းပတ်မြို့သစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။
(၅) တိန်းငြင်းမြို့သည် ကလေးမြို့၏ အရှေ့မြောက်ထောင့်အရပ် ကလေးမြို့ ကလေးဝ ကားလမ်းအနီးတွင် တည်ရှိသည်။ ယခုအခါ တောအဖြစ်သို့ ရောက်ရှိပြီး ရှေးဟောင်းဘုရားသာ ကျန်တော့သည်။
(၆) တင်သားမြို့သည် ကလေးမြို့၏ အရှေ့ဗတာင်ထောင့်အရပ် မိုင် (၃၀) ခန့်အကွာတွင် တည်ရှိသည်။ ယခုအခါ တင်သားရွာ အဖြစ်နှင့် အိမ်ခြေ တစ်ထောင်ခန့်ရှိသည်။ ကျုံး ပျက်များကို ယခုတိုင် တွေ့မြင်ရဆဲဖြစ်သည်။
(၇) အိပ်စွပ်မြို့သည် ကလေးမြို့၏ အနောက်မြောက်ထောင့် အရပ် (၅) မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယခုအခါ အိပ်စွပ် ကျေးရွာအဖြစ်တည်ရှိပြီး ချင်းလူမျိုးများ အများ ဆုံးနေထိုင်သည်။
ယခုကလေးမြို့သည် စတုတ္ထမြို့ တည်နှစ်မှ ရေတွက်သော် နှစ်ပေါင်း (၁၂၀) ရှိသော မြို့ဖြစ်နေပြီ။ ပထမ မြို့တည်နှစ်မှ ရေသော် နှစ်ပေါင်း (၁၀၄၃) နှစ်ရှိသော ရှေးဟောင်းမြို့ဖြစ်သည်။“ မြန်မာအစ တကောင်းက ” ဟူသော ဆိုရိုးစကားအရ တကောင်းခေတ်နှင့်အပြိုင် ထွန်းကားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
မှတ်ချက်။ ။အရှင်ပဒုမ၏ ကာလေးမြို့ သမိုင်းကို ကိုးကားသည်။
www.rezarmyo.co.cc မှ ကူးယူဖေါ်ပြသည်။

No comments:
Post a Comment