ကိုမြစ်သာသိစေချင်တဲ့ ဂျာနယ်လစ်တို့ အကြောင်း..
ဆရာတဇောင်းနီရေ ..ပြောချင်တာကို..သေချာအောင်ပြောပါ..နှစ်ယောက်စလုံးမှားတာမှမဟုတ်တာဗျာ...တစ်ယောက်ယောက်တော့ မှားနေပြီပေါ့။ ဒီလိုအချက်အလက်တွေမမှားသင့်ပါဘူး..ဆိုတာလောက်ပဲဖြစ်သင့်ပါတယ်။ ဒါကိုဗျာ...ဆရာတဇောင်းနီက..ဂျာနယ်လစ်အားလုံးလိုလိုမှားနေတယ်ဆိုပြီး..တွယ်လိုက်တာတော့ မကောင်းဘူးလေဗျ...တော်တဲ့ဂျာနယ်လစ်တွေရှိသလို...ခပ်ရှော်ရှော်ဂျာနယ်လစ်တွေရှိပါတယ်..ဒါကိုအားလုံးကို ၀ါးလုံးသိမ်းနဲ့ ရမ်းတာကို တော့ခွင့်မပြုချင်ဘူးဗျာ..။ ဂျာနယ်လစ်တွေရဲ့ ဘ၀ ဂျာနယ်လစ်တွေရဲ့ အခက်အခဲဆိုတာ မီဒီယာထဲမှာလုပ်ကိုင်နေကြတဲ့ အချင်းချင်းတွေသာခံစားနားလည်လို့ ရပါတယ်။ ဂျာနယ်လစ်တွေရဲ့ ဘ၀ကို ရေးပြတယ်ဆိုတာ သနားဖို့ ၊ လွမ်းစရာကောင်းဖို့ .. မဟုတ်ပဲ ဒါလေးတွေများသိခဲ့ရင် ပိုများနားလည်ပေးနိုင်မလားဆိုပြီး ရေးပြတာပါဗျာ။
ဟုတ်ကဲ့ ..နားမလည်ရင်မရေးနဲ့ ဆိုတဲ့ပုံစံခွက်ကြီးဆိုတာကိုပြန်ပြောချင်ပါတယ်။ စာရေးတယ်ဆိုတာကိုဖိုးသိလုပ်တယ်လို့ စာရေးဆရာကြီး တစ်ယောက်ကပြောဖူးတယ်ဗျ.။ မမှန်ရင်မမှန်တဲ့ အကြောင်းကိုဒဲ့ရေးပေါ့ဗျာ။ ဒါပေမယ့် ...ပုံစံခွက်ကြီးထဲဆိုတာ ဘာကိုပြောတာလဲဗျ....။ ဆရာတဇောင်းနီရေးတာက တခြားသူတွေကိုပါ ချပြ ဖို့ အတွက် ဘလော့မှာတင်တယ်ဗျာ။ ဆရာ့စာကိုဖတ်တဲ့ ပရိတ်သတ်ရှိသွားပြီ ။ဆရာရေးတဲ့စာကိုဆရာတာဝန်ယူပေးရမယ်။ စာဖတ်ပရိတ်သတ်က သိချင်တာ ဘယ်အချက်အလက်ကမှန်တယ် ။ဘယ်ဟာကဖြင်မှန်တယ် ၊ ဘယ်ဟာက ဖြင့် မှားတယ် ။ ဒီလိုပြောပေးရမယ် လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားစာကိုဖတ်တဲ့ သူတွေက ဘယ်သတင်းက ဘယ်လိုမှားနေတယ်ဆိုတာကိုလဲသိချင်ကြမှာပဲလေ။ စာတစ်ပုဒ် ၊သတင်းတစ်ပုဒ် ..ဆိုပါတော့ ..သတင်းတစ်ပုဒ်ကိုရေးတော့မယ်ဆိုရင် ရေးသားတဲ့ သတင်းသမားက အရင်တုန်းက ဆိုရင်ဘယ်လို အခုတော့ဘယ်လိုဆိုတာ တွေကို လက်ရှိဖြစ်ပေါ်နေတဲ့ အချက်အလက်တွေသာမက အဖြစ်အပျက်နဲ့ ပါတ်သက်တဲ့ သတင်းရဲ့ ဘက်ဂရောင်း ကိုထည့်ပေးလေ့ရှိပါတယ်။ စာဖတ်ပရိတ်သတ်အသင့် စားသုံးနိုင်ဖို့ စေတနာထားပြီး ရေးသားကြပါတယ်။ ဆရာက မသိဘူးဆိုရင်လဲ ဆရာ့စာဖတ်ပရိတ်သတ်အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေပါရှာ ကြံ ပြီးရေးသင့်ပါတယ်။ စေတနာလေးထည့်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဆရာ့ ဆောင်းပါးမှ မှားနေတဲ့အချက်အလက်ကို သိပါစေလေဆိုတဲ့ စေတနာ မပါဘူးထင်ပါတယ် ။ ***နိုင်ငံသစ်အတွက် စတုတ္ထမဏ္ဍိုင်ကို ကျွန်တော်တို့ ပြည်သူများ မည်သို့ ယုံကြည်ရပါမည်နည်း။ *** ဆိုတဲ့ အမေးကိုပဲ တွေ့ လိုက်ရပါတယ်။ ***ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။*** လို့ အားပျက်ဖွယ် အားလျော့ဖွယ် ရေးထားတာကို ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။
ဂျာနယ်လစ်တွေထဲမှာလည်း လုပ်စားတာရှိသလို တကယ်ကိုကြိုး ကြိုး စားစားနဲ့လုပ်နေတဲ့ သူတွေရှိနေပါသေးတယ်။ စိတ်ချပါ အဲလို လုပ်စားတဲ့ ဂျာနယ်လစ်တွေကိုလည်း ပရိတ်သတ်ကြီးက တစ်ရက်ရက်ကြရင် သူ့ ဒဏ် ခတ်ကြမှာပါ.။ မပူပါနဲ့ .။ သူ့ သမိုင်း ကသူ့ ကိုရေးသွားမှာပါပဲ...။ ရေရှည်ရပ်တည်လို့မရပါဘူး။
သတင်းတွေကို တကယ်တန်းသွားရောက်၊လေ့လာ အမြဲမပြတ်စုံစမ်း ၊ အချက်အလက်တွေရှာဖွေ ရေးသားနေသူတွေရှိသလို ယခင်နှစ်က ဂျာနယ် တွေတစ်ထပ်ကြီး ကိုရှေ့ ချပြီး ၊ ဘယ်လဆိုရင် ဘယ်သတင်း ၊ ဘယ်ရာသီဆိုရင်တော့ ဘယ်လိုသတင်း ၊ ယခင်ယခင်နှစ်ဂျာနယ်များနဲ့ သတင်းလိုက်ပြီး ရေးသားတဲ့သူတွေလဲ ရှိပါတယ်။ အချက်အလက်ဆိုတာ တချို့ ကပြန်လည်ကိုးကား၍ ရတတ်ပေမယ့် လက်ရှိကာလအခြေအနေကို လိုက်ပြီး ရေးသားကြပါတယ်။ ၂၀၀၉ခုနှစ်ဟာ ၂၀၁၀-ခုနှစ်နဲ့ ဘာမှ မဆိုင်တော့ပါဘူး. ။
နောက်တစ်နည်းက ဂျာနယ်ကြီးတွေမှာ ပါလာတဲ့အချက်အလက်ကို သူများနောက်ကလိုက်ရေး တဲ့နောက်ကျသတင်းများ နဲ့ စုဆောင်းရေးသားတဲ့ သတင်းသိုး များကို တင်ပြနေတဲ့သူတွေရှိသေးပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စာဖတ်ပရိတ်သတ်က ဆုံးဖြတ်သွားကြတာချည်းပဲပါ။ သတင်းတစ်ခုရဲ့ အသက်ဟာ အချက်အလက်မှန်ကန်မှု နဲ့ အဖြစ်အပျက်တစ်ခုကို အဖြစ်အပျက်အတိုင်း တင်ပြရပါမယ့် ။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ချုံ့ ခြင်း၊ ချဲ့ ခြင်းများ ကင်းရှင်းရပါမယ်။ ခေတ်စကားနဲ့ ပြောတယ်ဆိုရင် ဖွ တယ်ဆိုတဲ့ သတင်းတွေကို သတင်းထောက် တွေ ရှောင်ကျဉ် ရမယ် ဆိုတာ စာနယ်ဇင်းကျင့်ဝတ်မှာ ပါ တယ်ဗျ။ သတင်းတစ်ခုရဲ့ အချက်အလက်မှန်ကန်ရေးဆိုတာကို နောက်များဆက်ချင်ပါသေးတယ်ဗျာ။။။
Tuesday, August 17, 2010
Sunday, August 15, 2010
သတင်းများနဲ့ အတင်းလွှားနေတဲ့...ကိုမြစ်သာ
ဘလော့ကာတစ်ယောက်ဟာ...ဘလော့ဝေါ့ကီးန်.(blog wakling) ဆိုတဲ့ဘလော့တွေပေါ်ရှောက်လည်တတ်သလို...ကိုမြစ်သာကြီးလည်း ဘလော့တွေပေါ်မှာသာမက သူငယ်ချင်းရဲ့ ကားနဲ့ ချင်းတောင်တက်လိုက် ချင်တောင်ခြေက မြစ်သာလွင်ပြင်ကိုခြေဆန့်လိုက် ချင်းတွင်းမြစ်ကို ပြေးလိုက်နဲ့ ဟိုပြေးဒီပြေးလုပ်နေလိုက်ပါတယ်။ စီးတော်ယဉ်နဲ့ ခရီးအတော်နှင်ခဲ့တဲ့ ကိုမြစ်သာ တစ်ယောက် ခရီးရောက်မဆိုက် ကြားလိုက်ရတာက နားဝမှာဖြင့်မချမ်းသာ ၊ အနိစ္စ၊ ဒုက္ခ၊ သင်္ခါရ ဆို တဲ့တရားသဘောလေး နဲ့ တအားနှောပြီး စိတ်အလိုမကျ ဖြေချလိုက်ရပါတယ်။ ``ကလေးမြို့မှာနေထိုင်တဲ့...စာရေးဆရာမြရွက်...ကိုသာထယ်...စန်းစန်း..စတဲ့စတဲ့...ကလောင်ခွဲတွေနဲ့ရေးတဲ့ စာရေးဆရာတစ်ယောက် သြဂုတ်လ (၁၃)ရက်၊ သောကြာနေ့ ညနေ(၅)နာရီတွင် ကွယ်လွန်ခဲ့ပါသည်။ (၁၄-၈-၂၀၁၀)ရက်နေ့ နေ့လည်(၁)နာရီတွင် စံသာသုဿာန်သို့ ပို့ဆောင်သဂြိုလ်ကြပါမည်။ ´´ လို့ ဘလော့တွေအပေါ်မှာတင်ထားလိုက်တဲ့သတင်းကိုဖတ်လိုက်ရပါတယ်ဗျာ။ ကိုမြစ်သာကြီး ၀မ်းနည်းရပါတယ်ဗျာ။
ခရီးသွားနေတာကတစ်ကြောင်း. အွန်လိုင်းပေါ်မတက်ဖြစ်တာကတစ်ကြောင်း ...တဇောင်းနီရဲ့ပြန်စာလေးကို ဖတ်လိုက်ရတော့...သူရေးတဲ့အကြောင်းအရာလေးကိုပဲ ပြန်ပြောလိုက်ချင်ပါတယ်ဗျာ။ သတင်းသမားတွေနှစ်ယောက်ထဲက ..ဘယ်သတင်းကမှန်သလဲလို့...လို့ မြစ်သာလွင်ပြင်က ပရိတ်သတ်တွေ သိချင်ပါသတဲ့.။ သတင်းတစ်ပုဒ်မှာ အဓိက ကျတဲံအချက်က ..သတင်းသည် မှန်ရမည်တဲ့ဗျ။ မမှန်သတင်းပေးတဲ့ကောင်ကို နဘမ်ကျင်းကြေးလို့တောင် စိန်ခေါ်လိုက်ချင်ရဲ့ ။ နောက်ရက်တော့ဆက်ပါအုန်းမယ်ဗျာ.....

Thursday, August 12, 2010
ကမ္ဘာက စိတ်ဝင်စားတဲ့ မြန်မာ့ရွေးကောက်ပွဲ နိုဝင်ဘာ(၇)ရက်နေ့ တွင်ကျင်းပမည်

ကမ္ဘာာတစ်ဝှမ်းက စိတ်ဝင်စားတဲ့ မြန်မာ့ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင်ကျင်းပသွားမည်ဟု သြဂုတ်လ (၁၃)ရက်နေ့ နေ့လည်(၁၁)နာရီသတင်းတွင် နေပြည်တော် မြန်မာ့အသံမှ ကြေညာသွားသည်ဟုသိရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ်(၉၈/၂၀၁၀) နှင့်ထုပ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ ထုပ်ပြန်ချက်များအရ မဲဆန္ဒနယ်အတွက်ကိုယ်စားလှယ်လောင်းများ အမည်စာရင်တင်သွင်းခြင်းကို သြဂုတ်လ (၁၆) ရက်နေ့မှ စတင်၍ သြဂုတ်လ(၃၀) ရက်နေ့ အတွင်း တင်သွင်းနိုင်ပြီး ၊ ကိုယ်စားလှယ်လောင်းပယ်ဖျက်ခြင်းနှင့်ရုပ်သိမ်းခြင်းများကို စက်တင်ဘာလ (၃)ရက်နေ့တွင် ပြုလုပ်နိုင်ပြီး စက်တင်ဘာလ (၆)ရက်မှ (၁၀) ရက်နေ့အထိ ကိုယ်စားလှယ်လောင်းများကို စီစစ်သွားမည်ဟု နေပြည်တော်မြန်မာ့ အသံ၏ ကြေညာချက်များ အရ သိရှိလိုက်ရပါသည်။

Wednesday, August 11, 2010
သတင်း၊စာနယ်ဇင်း၊မီဒီယာသတင်းထောက်နှင့်ကျင့်ဝတ်သိက္ခာ....
ကျွန်တော်တို့ပဲ သေသင့်ပါတယ် သတင်းထောက်ကြီး တို့ရယ်
သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀ ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့ သတင်း ထောက်လှမ်းရေး သမားတွေ နောက် ငှက်ပျောတစ်ပင်မှ အခိုင်နှစ်ခု ထွက်ကြောင်း၊ ၀က်မလေးမှ ခေါင်းနှစ်လုံးပူးပါသော သားလေး မွေးကြောင်းမှသည် လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်ပေးတော့မည့် သတင်း မြောက်ကိုရီးယား၏ နုစီမံကိန်းသတင်း မက္ကစီကို ပင်လယ်ကွေ့ရှိ ရေနံ အညစ်အကြေးသတင်း မုန်တိုင်းသတင်း၊ စစ်ပွဲ သတင်း၊ လမ်းပိတ်ထားကြောင်း သတင်း၊ ရေလှူနေသော သတင်း … စသည် စသည်ဖြင့် လူ့အဖွဲ့စည်းကို ထုတ်ပြန်နေသော သတင်းများ ၊
ယနေ့ကမ္ဘာသည် သတင်း ကမ္ဘာ ဖြစ်သည်နှင့် အညီ သတင်းတို့သည် အဘယ်မျှ အရေးကြီးကြောင်း သတင်းခံစားသူ တစ်ယောက်အနေဖြင့် လည်းကောင်း၊ သာမာန်လူ နေထိုင်မှု ဘ၀မှ နိုင်ငံသား တစ်ဦး အနေဖြင့် လည်းကောင်း ကျွန်တော် ကောင်းစွာ သဘော ပေါက်ထားပါသည်။ ပညာရှင် တစ်ယောက် အနေဖြင့်မူ ဘယ်သို့ ညာသို့ မဝေဖန်တတ်ပါ။ အကဲဖြတ် အမှတ်ပေးရန်လည်း မစွမ်းပါ၊ ကျွန်တော် လက်လှမ်းမီသမျှ သတင်းတို့ကို ဖတ်ပါသည်။ ကြေငြာ သတင်း ဒေသတင်း ကမ္ဘာ သတင်း အချို့က အရေးကြီး အချို့လည်း မလိုအပ်လှ။ အရေးကြီး သတင်း တို့ကို အချက်လက် မှန်မှန် စေတနာ မှန်မှန်ဖြင့် တင်ပြပေးနေကြသော သတင်းသမားတို့အား ကျွန်တော်များစွာ လေးစားပါသည်။ သူတို့၏ ဘ၀ ရပ်တည်မှုကို ခရေစေ့တွင်းကျ သိရလေ ပိုပြီး လေးစား ရလေ ဖြစ်ပါသည်။
သို့သော် …….
ယနေ့ခေတ်တွင် သတင်းဂျာနယ် အမျိုးမျိုးမှ သတင်းမျိုးစုံ တင်ဆက်လာခဲ့ရာ သတင်းဂျာနယ်ကြီး နှစ်စောင်မှ ဒသ သတင်းတို့ကို စိတ်ဝင်စားဖွယ် ဖတ်လိုက်ရပါသည်။ ၎င်းတို့မှာ
-`` မဏိပူရဘက်မှ ၀ယ်သူများလာ၍ နန်းဖာလုံဈေး၌ အရောင်း အ၀ယ်ကောင်း´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 Auguest 1 ထုတ် 24/7 NEWS JOURNAL, Vol:5, No.32, တွင် တင်ဆက်ထားသည့် ``သမုတိသစ္စာ´´ ၏ သတင်းနှင့်
- `` မိုးတွင်းကာလအတွင်း မြန်မာ- အိန္ဒိယ နယ်စပ် နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် နည်းပါလျှက်ရှိ ´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 August 4 ထုတ် WEEKLY ELEVEN NEWS JOURNAL, Vol;5 No.43 တွင် တင်ဆက်ထားသည့် ``အောင်သူထွန်း(ကလေးမြို့) ၏ သတင်းတို့ ဖြစ်ပါသည်။
သတင်းခေါင်းစဉ် နှစ်ခုကို ဖတ်ကြည့်ယုံမျှဖြင့် သတင်းနှစ်ခု၏ လားရာကို သိသာနေပါပြီ။ သတင်းထောက် နှစ်ဦလုံးမှာ ကလေးမြို့ အခြေစိုက် သတင်း သမားများ ဖြစ်ပါသည်။ ကလေးမြို့မှ မိုင်(၈၀) ကျော် ဝေးသော နန်းဖာလုံ ဈေး၏ သတင်းကို သတင်းကို သူတို့ မည်သို့ ယူလာခဲ့ကြသည်ကို ကျွန်တော်မသိပါ။ သာမာန်ဆိုလျှင် ကျွန်တော်လည်း သတိထားမိမည် မထင်ပါ။ ယခုတော့ နာမည်ကြီး ဂျာနယ်ကြီး နှစ်စောင်၏ နောက်ဆုံးထုတ်ဂျာနယ် များတွင် တစ်ပြိုင်နက်တည်း ပါလာသောကြောင့်သာ သတိထားမိခြင်း ဖြစ်ပါသည်။ ရက်စွဲအရ မဆို စလောက် ကွာသော်လည်း ယင်းဂျာနယ် နှစ်စောင်သည် စာဖတ်သူ လက်ထဲသို့ တပြိုင်တည်း ရောက်လာသော ဂျာနယ်များ ဖြစ်ကြပါသည်။ ကျွန်တော်တို့ ကံကောင်းသည်မှာ နန်းဖာလုံဈေး အရောင်းအ၀ယ် ဖြစ်ခြင်း မဖြစ်ခြင်းသည် စာဖတ်သူ ရာခိုင်နှုန်းအများစုအတွက် အရေးမပါလှခြင်း ဖြစ်ပါသည်။ သို့အတွက် သတင်း၏ ဆိုးကျိုးမှာ ကျွန်တော်တို့အတွက် သက်ရောက်မှု မရှိသလောက် နည်းပါသည်။
ယခင်ကလည်း ဂျာနယ် တစ်စောင်တွင် ကလေးမြို့ ကာယကံ မေတ္တာ အဖွဲ့ကြီး၏ ကုသိုလ်ဖြစ် ဆေးခန်းကို ကဆုန်လပြည့်နေက ဖွင့်လှစ်ကြောင်း( အဲဒါflower news journal က လှိုင်ထွေးအောင်ရေးတဲ့သတင်း) သတင်းအမှား ၊ နေသာ ပညာဒါန သင်တန်း၏ (၁၅) နှစ်ပြည့် မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်မှု သတင်းပါ (ဈေးကွက်ဂျာနယ်ပါ စာရေးဆရာ မြရွက်ရဲ့ ကလောင်ခွဲ) အချက်အလက် အမှား စသည့် သတင်းအမှားများ စာဖတ်သူ လက်ထဲသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သည်အတိုင်းသာ သတင်းသမားတို့၏ အရည်အသွေးကို ဆိုင်ရာ ဆိုင်ရာ တို့က လျစ်လျူရှုထားကြမည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံသစ်အတွက် စတုတ္ထမဏ္ဍိုင်ကို ကျွန်တော်တို့ ပြည်သူများ မည်သို့ ယုံကြည်ရပါမည်နည်း။ ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။
နောက်ဆုံး လက်ညှိုးထိုးမည်မှာ သတင်းဖတ် ပရိတ်သတ်များ ဖြစ်ပါသည်။ ကျွန်တော်လည်း ပါပါသည်။ ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။
တဇောင်းနီ (မြန်မာစာ)
တဇောင်းနီရဲ့ဆောင်းပါးကို http://www.kalaytownship.co.cc/2010/08/blog-post.html ကနေ ကိုမြစ်သာဖတ်လိုက်ရပါတယ်။ ဆရာတဇောင်းနီရဲ့ အရေးအသားတွေထဲက တချို့ ကို ကိုမြစ်သာလေ့လာမိသလောက် ပြောစရာလေးတွေအနည်းငယ်ရှိခဲ့ပါတယ်။ ကိုမြစ်သာဟာ အပျော်တမ်း ဘလော့ကာ အထူးသဖြင့် သတင်းများကိုသာ စိတ်ဝင်စားတဲ့ ဘလော့ကာတစ်ဦးအဖြစ် ခံယူထားပါတယ်။ ဆရာတဇောင်းနီ ရဲ့ အရေးအသားတချို့မှာ သတင်းသမာများကို အထင်သေးအမြင်သေးရှိပုံကို မိမိကိုယ်က ပဲညံ့ နေသလိုလိုနဲ့ နှိပ်ကွပ်ထားတာကို သိနိုင်ပါတယ်။ အဲဒီထဲကနေ ကိုမြစ်သာထုပ်နှုပ်ပြပါ့မယ်။
***ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။*** ဆိုတဲ့စာသား ကိုပြန်လည်ရှင်းလင်းပါ့မယ်။ သတင်းသမားဆိုတာ သတင်းဖြစ်တိုင်းအရောက်သွားဖို့ရာမလွယ်ကူပါဘူး။ ဒါ့ကြောင့် ဒေသအသီးသီးမှာရှိတဲ့ သတင်းမြင်ကွင်းကို အနီးဆုံးထိတွေ့မြင်ရကြားရတဲ့ သတင်းသမားရဲ့ သတင်းပေး( source)၊ သတင်းရင်းမြစ်များဆီကို ဆက်သွယ်ရပါတယ်။ သတင်းထောက်ကိုယ်တိုင်ကလည်း အဲဒီဒေသကို အနည်းဆုံး တစ်ခါ (သို့မဟုတ်) နှစ်ခါလောက်သာရောက်ဖူးတယ်ဆိုရင် တော်တော်လေးအဆင်ပြေပါတယ်။ ကလေးမြို့ အခြေစိုက်သတင်းသမားများက မိုင်အားဖြင့် (၈၀) ကျော်ကွာဝေးတဲ့ တမူးမြို့နယ်က သတင်းကို ဖုန်းလေးနဲ့လှမ်းပြီး သတင်းယူတာကို ဆရာတဇောင်းနီက သိပ်ဘ၀င်တွေ့ဟန်မတူပါဘူး။ ဟုတ်ကဲ့ ....မြန်မာနိုင်ငံအတွင်းက ဂျာနယ်တွေအကုန်လုံး ရန်ကုန်မြို့ ကို အခြေစိုက်ပြီး ..ရေးသားနေကြတာပါ။ အဲဒီဂျာနယ်တွေမှာပါတဲ့ သတင်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအသီး သီးက သတင်းတွေပါ။ ကိုယ်တိုင်သွားရောက်ယူခဲ့တာလည်းရှိသလို အဆက်အသွယ်အသီးသီး ( သတင်းရင်းမြစ်များမှပို့တဲ့ .တယ်လီဖုန်း၊ အွန်လိုင်းမေး၊ နဲ့ ဖက်စ် အခြားသော ဆက်သွယ်ရေး...) မှပေးပို့သည်များလည်းရှိပါတယ်။ သတင်းများရဲ့ (၇၀) ရာခိုင်နှုန်းဟာ သတင်းရင်းမြစ်များဆီက ရခြင်းဖြစ်ပါတယ်။ (ကိုမြစ်သာရဲ့ခန့်မှန်းပါ) ဂျာနယ်နယ်အပါအ၀င် သတင်းဌာနအသီးသီးဟာ တယ်လီဖုန်း အစရှိတဲ့ ဆက်သွယ်ရေးကိရိယာများကို အသုံးပြု ၍ သတင်းယူ ၊ သတင်းရေးသား၊ ထုပ်လွှင့်နေကြတာကို ဆရာတဇောင်းနီ...မသိတာလား။ မသိချင်ယောင်ဆောင်ပြီး ...ရေးလိုက်တာလားဆိုတာ..(ကျုပ်မှ မသိပဲ...ဆိုပြီရှောင်လွှဲလို့မရပါ. ..မသိရင်မရေးပါနဲ့ ...သေသေချာချာမသိသော...အကြောင်းအရာများကို ..ရေးသားခြင်းဟာ...ကူးစက်ကပ်ရောဂါသင့်ခြင်းထက် ပြည်သူလူထုကို ဒဏ်ရာရောဂါတွေ ရရှိ ဆိုးရွားပါတယ်။ ) ၊ စစ်ပွဲတွေကြားမှာ ကင်မရာတကားကားနဲ့ သတင်းယူနေတဲ့ ကျည်ဆံတွေကို ရှောင်ရှားပြီး သတင်းယူနေတာကို စလောင်းကနေတွေ့မြင် နေကြရတာ..သတင်းကိုစိတ်ဝင်စားတဲ့သူတိုင်းကြည့်ဖူးကြမှာပါ။ ..ဟုတ်ကဲ့ ..ကျွန်တော်တို့ နေထိုင်နေတာ..မြန်မာနိုင်ငံတော်ဆိုတာ..ဆရာတဇောင်းနီ...သတိချွတ်ယွင်းပြီး ..မေ့သွားတယ်ထင်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ...ဆရာသိမှာပါ။ ဟုတ်ကဲ့ ...နားထောင်ဖူးမှာပါ။ ဟုတ်ကဲ့ ...ဒါလောက်ပြောလိုက်ရင်..သဘောပေါက်မယ်ထင်ပါတယ်။ သတင်းဓါတ်ပုံ ဘယ်နှစ်ပုံကို ဘယ်နေရာတွေများရိုက်ဖူးပါသလဲ...။ ဟေ့..ဘယ်ကောင်ဓါတ်ပုံရိုက်တာလဲကွ...ဆိုတာတွေ ကြားဖူးမှာပါ။ ကျွန်တော်တို့ သတင်းဓါတ်ပုံအတွက် အခက်အခဲတွေမြန်မာနိုင်ငံမှာရှိတဲ့ ဂျာနယ်လစ်တိုင်းလိုလို တွေ့ကြုံဖူးကြမှာပါ။ ၀ါသနာအရသာ လုပ်နေကြတဲ့ သတင်းသမားများကိုနောက်ဆုံး အနေနဲ့ ဆရာတဇောင်းနီစော်ကားလိုက်တာက *****ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။***** သတင်းသမားများလုပ်စားတယ်လို့ စွပ်စွဲလိုက်ခြင်းပါ။ ဟုတ်ကဲ့ ...ဆရာအထက်မှာရေးခဲ့ပါတယ်။ ဘာတဲ့...သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀ ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့ သတင်း ထောက်လှမ်းရေး သမားတွေ ......*****ဆရာတဇောင်းနီသိပြီးဖြစ်မှာပါ.။။ဒါပေမယ့် သိအောင်ထုပ်ပြောလိုက်ပါ့မယ်..... သတင်းတစ်ပုဒ်ရတာက တစ်ပုဒ်ကို တစ်ထောင်ကနေ တစ်သောင်းခွဲကနေ သုံးသောင်းလောက် (သတင်းရှည်နဲ့ ဆောင်းပါးအပါအ၀င်ပါ) အထိရကြတယ်လို့သိရှိရပါတယ်။ ခင်ဗျားပြောတဲ့ အနောက်နိုင်ငံမှ သတင်းထောက်များ လစာဟာ အနိမ့်ဆုံးလစာ ဒေါ်လာ(၆၀၀၀) လောက်ရကြတယ်လို့သိရပါတယ်။ (ကျန်တဲ့ အခွင့်အရေးတွေ ရရှိကြပါသေးတယ်) အဟဲ ...မြန်မာငွေနဲ့ဆို..တစ်လ သိန်းခြောက်ဆယ်လောက်ပါ။ ဒီလောက်ဆို...သဘောပေါက်ရောပေါ့...မြန်မာနိုင်ငံအတွင်းက သတင်းသမားတိုင်းဟာ ၀ါသနာအရင်းခံပြီး အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်။ ငွေရေးကြေးရေးအရချမ်းသာတဲ့ သတင်းသမားစာရေးဆရာဆိုတာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အစ ..မချမ်းသာခဲ့တာကို လူထုဒေါ်အမာ ရေးတဲ့ သခင်ကိုယ်တော်မှိုင်းစာအုပ်ဖတ်ကြည့်ရင် သိမှာပါ။ ယနေ့အချိန် အထိ သတင်းစာဆရာ၊စာရေးဆရာများဟာ ချမ်းသာတယ်ဆိုတာမရှိသေးပါဘူး။ ဟုတ်ကဲ့...လုပ်စားတာလား..ပြည်သူကိုယ်စေတနာရှိလို့ရေးတာလား(တဇောင်းနီကြီးပြောတဲ့ သန်းငါးဆယ်အတွက်လားပေါ့) ...မြစ်သာလွင်ပြင်ပရိတ်သတ်များက သာ...ဆုံးဖြတ်ကြပါ။သတင်းတစ်ပုဒ်ရေးလိုက်လို့... ထမင်းတစ်လုပ်မလွယ်ပေမယ့် နားရင်းအုပ်တော့ခံဖို့ ပိုနီးတယ်ဆိုတာ...ပရိတ်သတ်ကြီးသိမှာပါ။ အကြောင်းမညီလို့သာပါ...ဆရာတဇောင်းနီရေ...လုပ်စားသတင်းဆရာများလို့...အဟုတ်များ ...ပြည်သူမြင်သွားမှ ဖြင့် ..၀ါးရှည်နဲ့လှမ်းရမ်းတာ...မြစ်သာတို့ကို...မေတ္တာရှိတဲ့ ...ပရိတ်သတ်တွေတလွဲထင်မှာမို့....အလွဲသဘင်...ခင်ဗျားသတင်းကြီးကို...အရှုပ်ဖြည်ကာ..အဟုတ်အတည်...ရေးလိုက်ရပါကြောင်း....။..ဆက်ချင်ပါသေးတယ်...(မှတ်ချက်**အွန်လိုင်းထိုင် ရေးရတာ တစ်နာရီကို(လေးရာကျပ်ပါ)....ကုန်ကျပါတယ်။ အခုပို့စ်အတွက် တစ်နာရီခွဲလောက်ရေးသားလိုက်ရပါတယ်။ )

Monday, August 2, 2010
ဝါတွင်းကာလ...ကလေးမြို့ ....
ဝါတွင်းကာလ...ကလေးမြို့ ....
ဝါတွင်းကာလအတွင်းမှာတော့ ယောဆရာတော် ဟာ ကလေးမြို့သို့ ကြွရောက်တော်မူပြီး ၀ိသုဒ္ဓါရုံ စာသင်တိုက်တွင်း ဥပုဒ်အပတ်စဉ် တရားများဟော သွားမယ်လို့ သိရပါတယ်။ ကလေးမြို့မှာတော့ မိုးလေးတဖြိုင်ဖြိုင်နဲ့ မန္တလေး-ဂန့်ဂေါ-ကားလမ်းတွေမှာတော့ လိုင်းကားတွေဟာ ချောင်းရေတွေကို စောင့်ဆိုင်းမောင်းနှင်နေရပါတယ်လို့သိရပါတယ်။ အလက(၂)၊ အောင်သစ္စာ၊ ကလေးမြို့ ၊မှာလည်း သြဂုတ်လ (၁)ရက်နေ့က ဆရာကန်တော့ပွဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ၀ါဝင်ကာလမှာတော့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနဲ့ ကလေးမြို့နဲ့ (၆)မိုင်အကွာမှာရှိတဲ့ ရေဆန်ကျွန်းဘုရားမှာတော့ ဧည့်သည်များနဲ့ စည်ကားခဲ့တယ်လို့သိရပါတယ်ဗျာ။

Tuesday, July 27, 2010
ကျုပ်တို့မြို့မှာ ...ဒါမျိုးတွေကရှိသေးတယ်....

ရွှေလက်များရဲ့စာမူခ..တဲ့ဗျ...Monday, May 31, 2010 နေ့ရက်စွဲနဲ့တင်ထားတာကို ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ..။
ကလေးမြို့ကနေ ရန်ကုန်မြို့ကို သွားရောက်လည်ပတ်တဲ့ ကလေးမြို့ ဆိုတဲ့ ကဗျာဆရာ တစ်ယောက်ဟာ ရန်ကုန်ရောက်တုန်းရောက်ခိုက် ကလေးသားကဗျာဆရာစစ်စစ်တွေရဲ့ စာမူခများစွာကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သူကိုယ်တိုင်ဂုဏ်ယူပြောဆိုချက်အရ သိရပါတယ်။ အဲဒီ ခံလိုက်ရတဲ့ကဗျာဆရာတွေထဲမှာ ရွှေလက်များက သူရ(ကလေး)နဲ့ သော်တာစံ(ကလေး)တို့ ပါဝင်ပါတယ်။
ကလေးမြို့ ကဗျာဆရာဟာ ကလေးက ကဗျာဆရာကြီးငယ်တို့ရဲ့ စာမူခ နှစ်သောင်းနီးပါးရယ်။ ပိတောက်ပွင့်သစ် မဂဇင်းက ရွှေလက်များကို လှူလိုက်တဲ့ စာအုပ်တွေရယ်၊ မန္တလေးအိုက်ကွန်မဂ္ဂဇင်းက ကဗျာဆရာတစ်ယောက်ကိုပေးလိုက်တဲ့ စာအုပ်တွေကို ကိုယ်ကျိုးအတွက်ပဲ အလွဲသုံးစားလုပ်တဲ့အကြောင်း သူကိုယ်တိုင်ပြောစကားအရသိရပါတယ်ခင်ဗျာ။
ကဗျာဆရာများ သက်တော်ရာကျော်ရှည်ပါစေ။
လို့...ရွှေလက်များဆိုတဲ့ ဘလော့စပေါ့ဆိုက်မှာ..ရေးသားထားတာကိုဖတ်လိုက်ရပါတယ်ဗျို့....
http://shwelettmyar.blogspot.com/ အဲဒီလင့်မှာသွားဖတ်လို့ ရပါတယ်။

Sunday, July 25, 2010
ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၃)

မနေ့က ဇူလိုင်လ((၂၅)ရက် အလင်းစက်တွေက မိုးရေစက်တွေနဲ့အပြိုင်ခုန်ဆင်းခဲ့တဲ့နေ့တစ်နေ့ပါ။ အုံ့ ဆိုင်းနေတဲ့ကောင်းကင်ဟာ ၀န်းကျင်တစ်ခိုလုံးဖြစ်ပါတယ်။ အဲဒီမနက်မှာပဲ ကလေးမြို့ ရဲ့ မြို့မဈေးအရှေ့မှာ ရွှေနန်းတော်ဖိနပ်လုပ်ငန်းမှာ မြို့ပေါ်က သီလရှင်ကျောင်းတိုက်(၅)တိုက်မှာရှိတဲ့ဆရာလေးသီလရှင် အပါး (၁၁၀) ကို ဖိနပ်လှုဒါန်းမဲ့ပွဲရှိပါတယ်။ မနက်ခင်းရဲ့ မိုးစက်တွေထဲမှာ ဆရာလေးတွေ ထီးကိုယ်စီ နဲ့ရောက်ရှိ လာခဲ့ပါတယ်။ မိုးစက်လေးတွေ တဖြည်းဖြည်းပဲ စဲသွားများ လို့မျှော်လင့်ရင်း မိုးရေစက်တွေကြားကပဲ အလှုပွဲကိုပြုလုပ်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီပွဲမှာ ကလေးမြို့ မြို့မဈေး ကအလှုရှင်တွေပါဝင်ခဲ့ပြီး စာရေးကိရိယာနဲ့ အခြား အလှုပစ္စည်းများကို လှုဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ လှုဒါန်းမှု အစုစုကို အလှုရှင်များရဲ့ ပြောပြချက်အရတော့ ကာလတန်ဖိုး (၇)သိန်းခန့်ရှိလိမ့်မယ်လို့ သိခဲ့ရပါတယ်။
အရွယ်မလွန်ခင်ချစ်တဲ့ အချစ်နဲ့ ၀ါမ၀င်ခင်က မင်္ဂလာပွဲ --- ဂျီတီစီ (ကလေးမြို့ )
အလှုပွဲကို မိုးစက်တွေနဲ့အတူရေစက်သွန်းချခဲ့ပြီး ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းတစ်ဦးရဲ့ အရွယ်လွန်ခါနီးတဲ့အချစ်တွေက ၀ါကျွတ်အောင်စောင့်မရလို့ ၀ါမ၀င်မှီမှာပဲ အပြေးအလွှားနဲ့ မင်္ဂလာပွဲ ပြုလုပ်ခဲ့လို့ မြစည်တော်သာသနာ့ရိပ်သာကို ခရီးဆက်ခဲ့ရပါတယ်။ ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းကြီးကတော့ ဂျီတီစီက ဆရာမ ဒေါ်ဖြူဖြူသန့် ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ထောင်ဖက်ကလည်း အရင်က ကလေးဂျီတီစီမှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး တီးတိန်မြို့မှာ ရှိတဲ့ စက်မှုကျောင်းတစ်ကျောင်ကို ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဆွေမျိုးမိတ်သင်္ဂဟ များနဲ့ သူငယ်ချင်းအပေါင်းသင်းများ လာရောက်ခဲ့ကြပါတယ်။ ကလေးဂျီတီစီမှာ ရှိတဲ့ အပျိုကြီးများ အဖြစ် ဆက်လက်ခံယူနေတဲ့ ဆရာမ ဒေါ်သန္တာနဲ့ ဆရာမ ဒေါ်ဥသြ တို့ တော့ အားကျတဲ့မျက်လုံးများ မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ရှာပါတယ်ဗျာ။
နေ့လည်ခင်းမှာတော့ သူမဟုတ်သလိုပဲ နေမင်းကြီက ပြူထွက်လာခဲ့ပါတယ်။ ကလေးမြို့ ရဲ့မိုးရာသီဆိုတာကို တကယ်ပဲလက်စွမ်းပြနေတာလားတော့ မသိတော့ပါဘူး။

Subscribe to:
Posts (Atom)