ခေါင်းရွက် ဗျပ်ထိုးဈေးသည်ဆိုတာ ဟိုးရှေးတုန်းကစလို့ ယနေ့တိုင် မရိုးနိုင်တဲ့ ဈေးသည်ပါ။ အခုခေတ်စကားနှင့် ပြောရရင် အိမ်တိုင်ရာရောက် စနစ်လို့ပဲ ပြောရမလား၊ ဒိုးတူဒိုး စနစ်လို့ ဆိုရမလားပဲ၊ `မောင်တစ်ထမ်း၊ မယ်တစ်ရွက်´ဆိုတာလို လမ်းတကာ ရွာတကာ လှည့်လည်ပြီး ရောင်းရတဲ့ ဈေးသည်ပါ။ တချို့ ဈေးသည်က ပစ္စည်းအမယ်တစ်မျိုးတည်းကို လှည့်ရောင်းတဲ့ ဈေးသည်ရှိသလို၊ တချို့ကလည်း အမျိုးစုံ၊ အမယ်စုံ တောင်းနှင့်ထည့် ခေါင်းပေါ်ရွက်ရောင်းတာမျိုးပေါ့၊
ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မြစ်သာမြစ်ရိုး ယောနယ်ဒေသတစ်ခွင်မှာတော့ ဆောင်းဦးပေါက်၊ ပွင့်လင်းရာသီရောက်လာပြီ ဆိုတာနှင့် တောရွာတွေမှာ ညွှတ်ပက် အထမ်းသည်တွေကို မျှော်ရတယ်။ တချို့က ဖာအထမ်းသည်လို့လည်း ဆိုတယ်။ ထန်းခေါက်ဖာ အထမ်းသည်ပေါ့။ အနည်းဆုံး ငါးယောက်၊ ဆယ်ယောက်၊ ဆယ့်ငါးယောက် အဖွဲ့လိုက်လာတယ်။ ရွာဦးဇရပ်မှာဖြစ်စေ၊ ရွာဦးဘုန်းကြီးကျောင်းမှာ ဖြစ်စေ တည်းခိုတယ်။ အဖွဲ့လိုက်စု ချက်ပြုတ်စားသောက်ပြီးမှ တစ်ရက်တန်သည် နှစ်ရက်တန်သည် ရွာထဲ ဈေးလှည့်ရောင်းတယ်။
သူတို့ ဈေးသည်တွေမှာ ဘီးပါတယ်၊ မှန်ပါတယ်၊ မျက်နှာချေ၊ ပေါင်ဒါပါတယ်၊ မိန်းကလေး အသုံးအဆောင် ဆံဖိ၊ ဆံညှပ်ကစလို့ ဒါးတံဆိပ် စနိုး၊ ရေမွှေး၊ ခေါင်းလိမ်းဆီ၊ အုန်းဆီ၊အင်္ကျီစ၊ ပုဆိုး၊ ဖိနပ်၊ ချိုချဉ်၊ မုန့်၊ ဘီစကစ် စုံအောင်ပါတယ်။ အရပ်ထဲရောင်းတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကတော့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ဆူးပုပ်၊ ဘူးညွှန့်၊ ဖရုံညွှန့်၊ နံနံပင် စုံစိအောင်ပါတယ်။
အခုတော့ ကလေးနယ်မှာ စက်ဘီးပေါ် ပစ္စည်းစုံ၊ သရေစာမျိုးစုံတင်ပြီး၊ ရွာစဉ်ထိုး ဈေးလှည့်ရောင်းတဲ့ဓလေ့ ခေတ်စားလာတယ်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ အထမ်းသည်တွေ သိပ်မတွင်ကျယ်တော့ဘူး၊ စက်ဘီးဈေးသည်တွေ နေရာတကာ တွေ့လာရတယ်။
အရင်းအနှီး တော်တော်တောင့်တဲ့ ဈေးသည်က ဆိုင်ကယ်နဲ့လှည့် ဈေးရောင်းတယ်။ ဆိုင်ကယ်က ဓာတ်ဆီဖိုး အပိုဆောင်းကုန်ရပေမယ့်၊ ခရီးဝေး သွားလာနိုင်တာဆိုတော့ အရောင်းအ၀ယ် ပိုသွက်လက်တယ်။ အခုဆိုရင် ကလေးမြို့မြောက်ဖက် ၈၃ မိုင်ဝေးတဲ့ တမူးမြို့အထိ ဆိုင်ကယ်နှင့် ဈေးရောင်းသွားကြတယ်။ ကလေးမြို့-ကလေးဝ ၂၄ မိုင် ခရီးဆိုတော့ ဈေးအမီ မနက်စောစော ဈေးသွားရောင်းကြတယ်။ ကလေးမြို့ တောင်ဖက်ပိုင်းက နက်ချောင်း၊ နက်မြောင်း၊ မြောက်စည်းတင်သား၊ ဒိုးနွမ်၊ ရေနံမှော်တွေအထိ ဆိုင်ကယ်နှင့် ဈေးရောင်းတတ်ကြတယ်။
`မုန့်ပဲ သားရေစာ ကွမ်းသီးကွမ်းရွက်နှင့် တမူးလမ်းတစ်လျှောက် ဈေးရောင်းတက်ရင် အသွားအပြန် သုံးလေးရက်ကြာတယ်´ လို့ စက်ဘီးဈေးသည် တစ်ဦးက ပြောပြပါတယ်။
`မနက် မလင်းခင် အိမ်ကနေထ၊ ကလေးမြို့ မြို့မဈေးမှာ မနက်စောစော လိုတာဝယ်၊ လမ်းတစ်လျှောက် ရွာတွေ ၀င်ရောင်းတာပဲ သူတို့ကလည်း မှာတယ်။ တချို့ဈေးဆိုင်တွေဆိုရင် ဘာဝယ်ခဲ့ပါ၊ ညာဝယ်ခဲ့ပါ မှာကြတယ်။ စာအုပ်၊ ဘောပင်နှင့် မှတ်ရတာပေါ့၊ တချို့ ရွာတွေက ကလေးမြို့က အီကြာကွေး၊ ပေါက်စီ၊ စမူဆာ စသဖြင့် မှာတယ်။ မုန့်၊ အ၀တ်အထည်၊ အလှကုန်၊ အသီးအနှံ၊ စက်ပစ္စည်း အစုံပါပဲ။ အဓိကကတော့ ပုံမှန်ဖောက်သည် ရသွားရင် ဆီဖိုးနှုတ်၊ သုံးလေးငါးထောင်တော့ ကျန်ပါတယ်။ မိုးရွာရက်တွေဆိုရင်တော့ တော်တော်ကသီတယ်။ ကျန်တဲ့ရက်ကတော့ ပုံမှန်ပါပဲ´ လို့ ဆိုင်ကယ်ဈေးသည် ကိုဇော်ကြီးက ပြောပြပါတယ်။ ကလေးမြို့ရဲ့ အရှေ့အနောက် တောင်မြောက် မြို့ အထွက်ကနေ မနက်စောစောထပြီး စောင့်ကြည့်မယ်ဆိုရင် နေ့စဉ် သွားလာ ရောင်းဝယ်နေကြတဲ့ ဆိုင်ကယ်ဈေးသည်၊ စက်ဘီးဈေးသည် မနည်းမနောဘဲ။
ကလေးနယ်မှာ မိုဘိုင်းဈေးသည်ရယ်လို့စတင်လာတာ (၁၀)နှစ်ဝန်းကျင်လောက်ရှိပါပြီ။အစပြုချိန်တုန်းက တော့ စက်ဘီးလေးတွေနဲ့ ဖြစ်ပေမယ့် နောက်ပိုင်းများမှာတော့ ဆိုင်ကယ်တွေ တစ်ထုံးထုံးနဲ့ ဖြစ်လာပါတယ်။ မိုဘိုင်းဈေးသည်လေးတွေရဲ့ ဈေကွက်ဖြစ်တည်ရာကတော့ ကလေးမြို့ မြို့မဈေးရှေ့ က မီးခွက်ဈေး လေးက အစ ဖြစ်ပါတယ်။ ဒီဈေးက နေ နေ့ စဉ် ဟင်းရွက်ကန်စွန်းရွက်တွေ ဟာ နယ်တကာစုံအောင်လှည့်လည်ရောင်းချ ပေးနေ ကြောင်း.....။ ။
Friday, October 23, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment