Wednesday, February 24, 2010

ဘွဲယူတော့မယ်

2010 ဖေဖော်ဝါရီလရဲ့ 26-27-28 နေ့တွေမှာ ကလေးတက္ကသိုလ်ရဲ့ (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ ကလေးတက္ကသိုလ် သက်တမ်း( ၂၀ ) နှစ်နီးပါး ရှိခဲ့ပြီး ဒီနှစ်ဘွဲ့နှင်းသဘင်ဟာ (၅)ကြိမ်မြောက်ခဲ့ပါပြီ။ တက္ကသိုလ်ကြီးက မွေးထုတ်လိုက်တဲ့ ဘွဲ့ရမောင်မယ်တွေသာတစ်နှစ်ပြီးတစ်နှစ် ထွက်ပေါ်လာပေမယ့် တက္ကသိုလ်ကြီးရဲ့ ဘွဲ့နှင်းသဘင်ကျင်းပတဲ့ ခန်းမနေရာဟာ အခုထိ အပြောင်းအလဲမရှိသေးပါဘူး။ ပထမအကြိမ်တုန်းကတော့ သီရေတာကြီးထဲမှာ အလှဆင်ပြီးလုပ်ခဲ့ပါတယ်။ ဘွဲ့ရမောင်မယ်အရေအတွက်ကလည်း သိပ်မများသေးတာမို့ ၀န်နဲ့အားမျှခဲ့ပြီး တင့်တင့်တယ်တယ်တယ်လေး ဖြစ်ခဲ့တယ်လို့ဆိုရမှာပေါ့။ ညစာစားပွဲကိုပါကျင်းပပေးခဲ့တာမို့ ဘွဲ့နှင်းသဘင် ခန်းမထဲမှာ မယူရတာကလွဲလို့ သူတို့တွေ ဘွဲ့အရသာကို အပြည့်အ၀နီးနီးခံစားခဲ့ကြရပါတယ်။ အဲဒီတုန်းကများ ကိုယ့်အစ်ကို အစ်မတွေ ဘွဲ့နှင်းသဘင်လေးနဲ့တောင် မယူရပါလားလို့ ၀မ်းနည်းခဲ့ရသေးတာပ။ ဟော အခုတော့ ကိုယ့်အလှည့်။ ဘွဲ့ရမောင်မယ်တွေကများ နေရာက ကျပ်၊ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ နေရာတောင် တိတိကျကျမသိသေးဘူးထင်ပါရဲ့။ ဒုတိယအကြိမ်ကစပြီး သုံးထပ်စာသင်ဆောင်ကြီး နှစ်ဆောင်ကြားမှာ တာလပတ်မိုးကာတွေမိုးလို့ ၊ စင်ထိုးလို့ အရေးပေါ် ဘွဲ့နှင်းသဘင်မှာ ယူကြရတာ။ သူများမြင်လို့မှ မတင့်တယ်တဲ့ အခြေအနေပါ။ ဘွဲ့ရလို့သာယူရပေမယ့် ရင်ထဲမှာတော့ မနွေးပါဘူး။ အိမ်ကမိဘတွေကို ခေါ်မယ်။ ဒါသားတို့ ဘွဲ့နှင်းသဘင်ခန်းမလို့ပြောရမှာလည်း ရှက်ရှက်ပါ။ ဟုတ်တယ်လေ။ သူတို့တွေလည်း တောင်သူကြီးတွေဆိုတော့ မိုးကာမိုးထားတဲ့ ကျဉ်းကျပ်ကျပ်ခန်းမဆိုတာ ဘယ်ကအထင်ကြီးဂုဏ်ယူပါ့မလဲ။ ဒီထက် ပိုတိတိကျကျပြောရရင် အဲဒီနေရာရဲ့ အောက်ဘက်မှာ ကျင်းကြီးတွေကလည်း ရှိသေးသတဲ့ဗျ။ ဘာကျင်းကြီးတွေလို့တော့ မပြောပါရစေတော့နဲ့ဗျာ။ ရှက်လွန်းလို့ သေရပါလိမ့်မယ်။ ပြီးတော့ သုံးထပ်ဆောင်ကြီးတွေကြားထဲက ကွက်လပ်မှာလုပ်တာဆိုတော့ တစ်နှစ်တာလုံး စွင့်ပစ်ခဲ့ကြတဲ့ အမှိုက်နဲ့ ပေါင်းပင်တွေကို မနည်းရှင်းထားရတာလားခင်ဗျ။
နောက် ညစာစားပွဲလည်း မထင်ပါဘူးဗျာ။ အခုထိ(24-2-2010)တော့ ခပ်အေးအေးပါပဲ။ ဘွဲ့ရမောင်မယ် (၈၀၀)လောက်ရှိတယ်လို့ သက်ဆိုင်ရာကနေ နားစွန်နားဖျားသိရပါတယ်။ ဒီလူဦးရေလောက်ကို ဘွဲ့ဝတ်စုံထုတ်ပေးနေတာ (၃)ရက်တောင်ရှိနေပါပြီ။ မပြီးနိုင်သေးပါဘူး။ အစီအစဉ်ကလည်း ညံ့ညံ့ဆိုတော့ ပထမနေ့ကနေစောင့်နေကြရတဲ့ မောင်မယ်တွေဟာ နှစ်ရက်ဆက်၊ သုံးရက်ဆက်စောင့်ကြရပါတယ်။ တတ်နိုင်ဘူးလေ။ ဒါထုံးစံပဲထင်ပါရဲ့။ မေဂျာလိုက်ခွဲတာလည်း မဟုတ်။ နေ့အလိုက်ခွဲတာမှာ နှစ်ရက်ထဲကို ရှုပ်နေအောင်လုပ်တတ်ကြတာတော့ သက်ဆိုင်ရာ စီမံတွေကို ချီးကျူးရမှာပါခင်ဗျ။ ပထမအကြိမ်က ကျောင်းအုပ်ဆရာကြီး စေတနာတွေနဲ့ ဆောက်ပေးခဲ့တဲ့ Recreation စင်တာကလည်း ဘွဲ့ရမောင်မယ်တွေ ဘွဲ့ဝတ်စုံအတွက် တိုးလိုက် ဝှေ့လိုက်ကြတာ လက်ရန်းတွေကျိုး၊ ပြူတင်းပေါက်တွေပြုတ်လို့ပါပဲ။ လွန်သလားတော့မမေးနဲ့။ တစ်နေကုန်စောင့်နေကြရတာဆိုတော့ တိုးတာပေါ့ဗျာ။ ပြီးတော့ မောင်မယ်တွေက ပြောကြသေးတယ်။ ယူသာယူရမှာ စိတ်က မပါဘာဘူး။ ဘွဲ့နှင်းသဘင်ခန်းမကလည်း အကျိုအကြားမှာတဲ့လေ။ တစ်ဆင့် လေးနှစ်ကျော် ရင်းခဲ့ရတဲ့ဘွဲ့ပဲကွ၊ အခုမှတော့ စိတ်မပျက်ပါနဲ့လို့ အားပေးရသေးတယ်။ မနက်ဖြန် မပြီးသေးတဲ့ ဘွဲ့ဝတ်စုံထုတ်ဖို့ကိစ္စအတွက် သွားရပါဦးမယ်။ ဟို သန်ဘက်ခါဆိုရင် ကျွန်တော် အစမ်းယူလေ့ကျင့်ရတော့မယ်လေ။ တတ်နိုင်ဘူးဗျာ။ တစ်သက်တစ်ခါ အမှတ်ရစရာတွေနဲ့ ဘွဲ့နှင်းသဘင်ပါပဲ။
နောက်လာမယ့် မျိုးဆက် ဘယ်လောက်ထိများ ဒီလို အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ကြရဦးမယ်ဆိုတာတော့ ဘုရားမှပဲ သိပါလိမ့်မယ်။ တံတားကြီးတွေတစ်စင်းပြီး တစ်စင်းတော့ ပေါ်နေတာ ဟောကနဲ ဟောကနဲမို့ အားတော့မငယ်ပါဘူး။ သားတွေမြေးတွေဆိုရင်တော့ အဖေ ဒါသားတို့ ဘွဲ့နှင်းသဘင်ဗျလို့ ကျွန်တော်ကြားရနိုင်မယ်ထင်ပါရဲ့။

Tuesday, February 16, 2010

ကလေးမြို့ ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနိုင်ကျင့်မှု

ကလေးမြို့ ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနိုင်ကျင့်မှု

အကြောင်းအရာကတော့ ဒေသခံ အာဏာပိုင်အချို့ရဲ့ တောင်သူ လယ်သမားများထံကနေ လိမ်လည်ပြီးမိုးစပါး ကြိုတင်ဝယ်ယူခြင်းကိစ္စ ဖြစ်ပါတယ်။ ဖြစ်တဲ့ဒေသကတော့ စစ်ကိုင်တိုင်း ၊ကလေးမြို့နယ်၊ ခုံသာအုပ်စု ရွာဇဂြိုလ်အုပ်စု တို့မှာဖြစ်ပါတယ်။

ဖြစ်စဉ်ကဒီလိုပါ၊ ၂၀၀၆ ခုနှစ် ဇူလလိုင်းလတုန်းက အရှေ့ခုံသာရွာ ဥက္ကဋ္ဌ ဦးသိန်းထွန်း နှင့် စာရေးမ ဒေါ်နုရီ နှစ်ဦးတို့မှ န အ ဖ စစ်တပ် စပါးရိက္ခာ ဆိုပြီး အကြောင်းပြကာ (၁)ဧကလျှင် စပါး (၅) တင်းနှုန်း၊ စပါးတစ်တင်းလျှင် ၁၃၀၀ ကျပ် နှုန်းဖြင့် ကြိုတင်ငွေများ ထုတ်ချေးပေးခဲ့ပါတယ်။ အဲဒီအချိန်က စပါး ကာလပေါက်ဈေးမှာ တစ်တင်းကို ၁၈၀၀ ကျပ် ဖြစ်နေပေမယ့်လည်း စပါးမရောင်းပါက လယ်ယာမြေ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာကြောင့် တောင်သူလယ်သမားများအနေနဲ့ သူတို့ပေးတဲ့ ဈေးနဲ့ပဲ ကြိုတင်ငွေများကို ထုတ်ယူခဲ့ကြရပါတယ်။

၂၀၀၇ ခုနှစ် ဆောင်းရာသီ စပါးပေါ်ချိန်မှာ န အ ဖ စစ်တပ်စပါးရိက္ခာဆိုပြီး ဒုတိယအကြိမ်အဖြစ် ထပ်မံပြီး ၀ယ်ယူကောက်ခံလာခဲ့ပြန်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ တောင်သူလယ်သမားများဟာ မခံမရပ်နိုင် ဖြစ်လာကြပြီး မိုးရာသီတုန်းကလည်း တစ်ခါကောက်ခံခဲ့တယ်၊ အခုလည်း တစ်ခါလာပြန်ပြီ အဲဒါဘာအတွက်လည်း ဆိုပြီး ပြောဆိုလာကြပါတော့တယ်။ အဲဒီအချိန်မှာ န အ ဖ တပ်သားတစ်ဦးက သူတို့အနေနဲ့ မိုးရာသီတုန်းက မည်သည့်တပ်စပါးမှ မ၀ယ်ခဲ့ကြောင်း ရှင်းပြတဲ့အတွက် ပထမတစ်ကြိမ် န အ ဖ တပ်စပါးရိက္ခာ ဆိုပြီး ကြိုတင်ငွေ ချပေးခဲ့တာဟာ ရပ်ရွာဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စာရေးမ ဒေါ်နုရီ တို့ရဲ့ လိမ်လည်မှုဆိုတာ ပေါ်လွင်ထင်ရှားလာခဲ့ပါတော့တယ်။

အလိမ်ပေါ်သွားကြတဲ့ ၄င်းတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်တုန်းက သူတို့ ကြိုတင် ချပေးထားခဲ့တဲ့ ကြိုတင်ငွေများကို ပြန်လည် တောင်းခံခဲ့ချင်းမရှိပဲ နေခဲ့ကြပါသေးတယ်။ သို့သော်လည်း ယခုနှစ် ၂၀၁၀ ဆောင်းရာသီ စပါးပေါ်လာချိန်မှာတော့ တောင်သူ လယ်သမားများအားလုံးထံကနေ ကလေးမြို့နယ် တရားရုံးမှတဆင့် ၂၀၀၆ ခုနှစ်က ထုတ်ချေးပေးခဲ့တဲ့ စပါးကြိုတင်ငွေအတွက် တစ်ဧကလျှင် စပါး(၅)တင်းနှုန်းဖြင့် တောင်းခံလာပါတော့တယ်။ တရားရုံးကို ခေါ်တဲ့အခါမှာလည်း ကျေးရွာသူ ကျေးရွာသားများကို တစ်ပြိုင်တည်း ခေါ်ယူတာမျိုးမဟုတ်ပဲ ၃ ယောက်မှ ၁၀ ယောက်အထိ အုပ်စုခွဲခေါ်ပြီး တရားရုံးအမိန့်နဲ့ တောင်းဆိုနေတာဖြစ်ပါတယ်။

ကျွန်တော်တို့ တောင်းသူလယ်သမားများမှာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်ပြီး ဗဟုသုတ မရှိတာရယ်နဲ့ သူတစ်ပါးရဲ့ လိမ်ညာမှုတွေကိုလည်း ခံခဲ့ကြရတဲ့အပြင် တန်ပြန် တရားစွဲလည်း ခံနေကြရတာတွေရဲ့ အပေါ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ များစွာမှ အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြပါတယ်။ အထက်ပါ အကြောင်းအရာကိစ္စတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှ လူကြီးမင်းများ သိရှိစေရန် တင်ပြလိုက်ရပါတယ်ခင်ဗျာ။

(လယ်သမားများ၏ကိုယ်စား အမည်မဖေါ်လိုသူ အနောက်ခုံသာရွာ မှ လယ်သမား တစ်ဦး )
http://www.phyowai-myanmar.co.cc/2010/01/blog-post_2266.html မှ ကူးယူဖေါ်ပြသည်။ ။

Sunday, February 14, 2010

ဒီနေ့က ချစ်သူများနေ့ တဲ့ ဗျ

ဒီနေ့က ချစ်သူများနေ့ တဲ့ ဗျ
မြစ်သာလွင်ပြင်ပရိတ်သတ်ကြီး ရေ ဒီနေ့ ဟာ ချစ်သူများနေ့ ဆိုတာ တော်တော်များများ သိကြမှာပါ။ ကိုမြစ်သာတို့ ကတော့ အသက်အရွယ်ပဲ ကြီး သွားလို့ လား ။ ရင်ခုန်မှုတွေ နှေးသွားတဲ့ အရွယ်မို့လို့ လားတော့မသိပါဘူး ဗျာ ။မေ့ နေလိုက်တာ “ချစ်သူများနေ့ကို” ။ တေးရေး ကေအေတီ စီစဉ်တဲ့ ချစ်သူများနေ့ အထိမ်းအမှတ်တိတ်ခွေ လေးထွက်လာ ကတည်းက ချစ်သူများနေ့ ဆိုတာ လူငယ်တွေ နှုတ်ဖျား မှာ တကတည်းကို မှ ဗယ်လင်တိုင်းနေလိုက်ကြတာ။ ကိုမြစ်သာတို့ တော့ ၀ယ်လိုက်ရတဲ့ ကဗျာစာအုပ်တွေကော ၊ အလကားရတဲ့ကဗျာစာအုပ်တွေကော “တောင်း” နဲ့တစ်လုံးပဲဗျ။ ဘာပဲဖြစ်ဖြစ်ပေါ့ ...ကိုမြစ်သာတို့ ကလည်း .......ဟက်ပီး ချစ်သူများနေ့ ...အဲဂလို အော်လိုက်ပါရဲ့ ဗျာ။
ဖေဖော်ဝါရီ ----၁၂-ရက်နေ့ က ပြည်ထောင်စုနေ့
ဖေဖော်ဝါရီ-----၁၃-ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့
ဖေဖော်ဝါရီ-----၁၄-ရက်နေ့က ချစ်သူများနေ့
ကဲ ပရိတ်သတ်များ သိပီးလောက်ပီထင်ပါတယ်။။ ဆရာလုပ်ပီး တင်ပေးလိုက်ပါရဲ့။ ။
ဒီကနေ့ ကလေးမြို့မှာတော့ စကားလှဆရာတော် အရှင်ဓမ္မပါလ ရဲ့ အန္တိမဈာပန ရှိပါတယ်။ ကလေးမြို့မှာတော့ စည်ကားလှတဲ့ ဘုန်းကြီးပျံ ပေါ့ဗျာ ။ ဆရာတော်မီးသဂြိုလ်မဲ့ ပြင်သာရွာ သွားရာလမ်းတလျှောက်မှာတော့ မီးသတ်ကားကြီးနဲ့ ရေတွေဖျန်းပေးနေလိုက်တာ လေးငါးခေါက်ပါပဲ။ ပူဇော်လိုတဲ့ ကလေးမြို့သူမြို့ သားများကလည်း လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာတော့ များမှများပါ။
နောက်တစ်ခုက ရွှေဘုံသာ ဂေါပက လူကြီးတွေရဲ့ အစည်းအဝေးလဲ ရှိပါတယ်တဲ့ဗျာ။ ဘာတွေပြောကြဆိုကြ ဆိုတာကိုတော့နောက်မှတင်ပေးလိုက်ပါ့မယ်။ ကလေးမြို့ရဲ့ အထင်ကရ ရှိလှတဲ့ သမိုင်းဝင်စေတီတော်မြတ်ကြီး အတွက် လုပ်ဆောင်ပေးကြတဲ့ လူငယ်တွေကလဲ အင်နဲ့ အားနဲပါပဲဗျာ။ ဒါပေမယ်......
ဒီနှစ်မှာတော့ နာမည်ကြီးလှတဲ့ ရွှေဘုံသာစေတီတော်မြတ်ကြီးရဲ့ဘုရားပွဲအထိမ်းအမှတ် ကျင်းပ တဲ့ နာမည်ကြီး ရွှေဘုံသာ ဘောလုံးပွဲကတော့ (၁၀)ကြိမ်မြောက်မှာ မလုပ်ဖြစ်တော့ပါဘူးတဲ့ဗျာ။။ အားကစားသမားတွေ အတော်များများ မွေးထုပ်ပေးတဲ့ ပြိုင်ပွဲကြီးမို့လဲ မကျင်းပဖြစ်တာ နှမျှောစရာလို့ ဒေသခံတွေက တသ သနဲ့ပေါ့။ နောက်နှစ်တွေကော ကျင်းပအုန်းမှာလား လို့ မေးကြည့်တော့ ဘယ်သူမှ ကျင်းပမယ်လို့ အာမခံပြော ကြားခြင်းမရှိပါဘူး ။။နေရစ်တော့ ...ရွှေဘုံသာဘောလုံးပွဲရေ...လို့ ၀မ်းနဲစွာနှုတ်ဆက်ရတော့မှာပါ။

Wednesday, February 10, 2010

ချင်းပြည်နယ်၌ လူလေးဦးတွင် A(H1N1) တွေ့ရှိ လေးဦးစလုံး ရောဂါသက်သာနေသည်ဟုသိရပြီး အဆိုပါကျေးရွာတွင် နောက်ထပ်ဖြစ်ပွားမှု မရှိသေး

ချင်းပြည်နယ်၌ လူလေးဦးတွင် A(H1N1) တွေ့ရှိ လေးဦးစလုံး ရောဂါသက်သာနေသည်ဟုသိရပြီး အဆိုပါကျေးရွာတွင် နောက်ထပ်ဖြစ်ပွားမှု မရှိသေး

ကမ္ဘာ့လူတုပ်ကွေးရောဂါ လူနာသစ် လေးဦးကို ချင်းပြည်နယ် ဖလမ်းမြို့နယ် လင်းလက်ကျေးရွာ တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
လူနာလေးဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကာ အဆိုပါ ကျေးရွာတွင် နောက်ထပ်ဖြစ်ပွားခြင်း မရှိသေးဟု သတင်းရရှိပါသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်းရှိ လင်းလက်ကျေးရွာတွင် ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများ ကလေး လူကြီး အချို့တွင် ဖြစ်ပွားလျက်ရှိ သည်ဟု သတင်းရရှိကြောင်း သိရသည်။
ထိုသို့ သတင်းရရှိခဲ့သောကြောင့် ချင်းပြည်နယ် ဟားခါးမြို့မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ရောဂါကာကွယ်နှိမ်နင်းရေး အဖွဲ့စေလွှတ်ခဲ့ကာ လူနာလေးဦး တွင် New Influenza A(H1N1) ရောဂါပိုးတွေ့ရှိကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါ လူနာများကို သက်ဆိုင်ရာကျေးရွာတွင် သီးခြားခွဲခြား ထားရှိခဲ့ကြောင်း၊ ထိုသို့ လူနာများ အား သက်ဆိုင်ရာကျေးရွာတွင် သီးခြားခွဲခြားထားရှိခဲ့ပြီး ကုသမှုခံစေလျက် လူနာများနှင့် အနီးကပ်ထိ တွေ့မှုရှိသူများကိုလည်း သီးခြားထားစေကာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ A(H1N1) ရောဂါ ကူးစက်ခံသူ အဆိုပါ လူနာလေးဦး သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်ဟု သိရပါ သည်။အဆိုပါကျေးရွာသည် ဖလမ်း- ရိဒ်ခေါဒါ ကားလမ်းပေါ်ရှိ တွီးဘွယ်ကျေးရွာမှ ခြောက်မိုင် ခုနစ်မိုင် ခန့်သွားရသော ကျေးရွာတစ်ရွာဖြစ် သည်ဟုသိရပါသည်။
တွီးဘွယ်ကျေးရွာသည် ဖလမ်း မြို့မှ မိုင် ၄၀ ခန့်ကွာဝေးသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
ရောဂါကာကွယ် နှိမ်နင်းရေး အဖွဲ့သည် ယခုနှစ် ဇန်န၀ါရီ လ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့ ကြောင်းသိရသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ပြန်ရောက်ခဲ့ကာ နောက်ထပ်ရောဂါ ကာကွယ်ရေးအဖွဲ့များလည်း သွားရောက်လျက်ရှိသည်ဟု ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ တယ်လီဖုန်းနှင့် မေးမြန်စဉ် တာဝန်ကျသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရိဒ်ခေါဒါမြို့ နယ်ခွဲသည်နယ်စပ်ကုန်သွယ်ရေး ပြု လုပ်ရာ ဒေသတစ်ခုဖြစ်ကြောင်း သိရ သည်။
ယင်းသို့ နယ်စပ်ကုန်သွယ် ရေးပြုလုပ်ရာဒေသတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးပြုလုပ်လျက်ရှိသည်ဟု သိရှိရပါ သည်။
အဆိုပါချင်းပြည်နယ်ရိဒ်ခေါဒါ မြို့နယ်ခွဲသို့ ဖလမ်းမြို့မှ သွား ရောက်၍ရသလို တီးတိန်မြို့မှ လည်းသွားရောက်နိုင်သည်ဟု သိရပါသည်။

Monday, February 8, 2010

ရွှေဆံပင် ဆရာတော်မှ ဦးဆောင်သော အလောင်းတော်ကဿပ ဘုရားဖူးအဖွဲ့ ဒုတိယအကြိမ် ဘုရားဖူးထွက်မယ်လို့ သိရ

ရွှေဆံပင် ဆရာတော်မှ ဦးဆောင်သော အလောင်းတော်ကဿပ ဘုရားဖူးအဖွဲ့ ဒုတိယအကြိမ် ဘုရားဖူးထွက်မယ်လို့ သိရ
ရွေဆံပင်ဆရာတော်မှ ဦးဆောင်သော အလောင်းတော်ကဿပ ဘုရားဖူး အဖွဲ့ ဒုတိယ အကြိမ် ဘုရားဖူး ထွက်မယ်လို့ သိရပါတယ်။ ဒုတိယ အကြိမ်ကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှာ ရန်ကုန်မြို့ က နေ စတင်ထွက်မယ်လို့ သိရပါတယ်။ တခြား ဘုရားဖူးအဖွဲ့ တွေလို အကျိုးအမြတ်ကို မကြည့် ပဲ လုပ်ပေးတာ မဟုတ်ပဲ ရန်ကုန်နဲ့ တခြား မြို့ တွေက ဆံပင်အလှူ ရှင်တွေကို လမ်းစရိတ်သက်သာစွာနဲ့ လိုက်ပါနိုင်အောင်စီစဉ်ပေးထားတဲ့ ကုသိုလ်ယူဘုရားဖူး ပို့ ပေးခြင်းဖြစ်ပါတယ်။ ပထမအကြိမ် မှာတော့ ရွှေဆံပင်လမ်း ကိုဖြတ်သန်းကြရင်း မိမိရဲ့ ဆံပင်တွေကို အလှူဒါန ပြုထား တဲ့လမ်းကို ကိုယ်တိုင် မြင်တွေ့ ကြရသလို ၊ ဆရာတော်ရဲ့ မပြီး သေးတဲ့ လမ်း၊ တံတား ဆောက်လုပ်ရေး တွေကိုပါ လေ့လာ ခဲ့ကြရတယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ တကယ်လုပ်နေတဲ့ လမ်း၊ တံတားလုပ်ငန်းတွေ ကို မြင်ပြီး တကာမ တစ်ဦး( ဒေါ်သန်းသန်းနု--တာမွေ(၃)ရပ်ကွက်။။ရန်ကုန်မြို့ ကလို့ သိရပါတယ်) က ဆို ၀မ်းသာလွန်းလို့ ဒါန စိတ်တွေဖြစ်ပေါ်ကာ ငါးမူးသား ရွှေလက်ကောက်တရံကို ချက်ချင်း ချွတ်လှူခဲ့တယ်လို့ သိရပါတယ်။ တကယ်ဆိုတော့ ယင်းမာပင်မြို့ နယ်အတွင်း က ဒေသခံ (၅၀၀၀၀)လောက်သွားလာနေတဲ့လမ်းဖြစ်ပါတယ်။ ဒေသခံတွေမှာ လမ်းမကောင်းတော့ တွေ့ ကြုံ ရတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ၊ ဒုက္ခတွေကို ဆရာတော်က သက်သာစေချင်တဲ့ ဆန္ဒနဲ့ လမ်းတံတား တွေ ကောင်းမွန်အောင်ဆောင်ရွက်ပေးနေခဲ့တယ်လို့ သိရပါတယ်။ လမ်းတံတားတွေ ကောင်းမွန်ဖို့ နိုင်ငံတော်ကလည်း အားတက်သရော ဆောင်ရွက်နေသလို ဆရာတော်ကလည်း တတ်နိုင်သလောက် လမ်းတံတားတွေ ကို ဖောက်လုပ် ပြုပြင်နေအုန်းမှာ ပဲလို့ သိရပါတယ်။

စကားလှ ကျောင်းဆရာတော် ပျံလွန်တော်မူ

စကားလှ ကျောင်းဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ကလေးမြို့ စကားလှ ကျောင်းဆရာတော် ဥူးဓမ္မပါလ သည် (၈-၂-၂၀၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်ဟု သိရှိရပါတယ်။
ဆရာတော်သည် ကလေးမြို့ နတ်ချောင်းလမ်း (ဘုရင့်နောင်လမ်း) မှာ ရှိတဲ့ စကားလှ ဘုန်းကြီး ကျောင်းတွင် သီတင်းသုံး ခဲ့ပါသည်။ ဆရာတော်သည် ကလေးမြို့ တွင် ထင်ရှား သော ဆရာတော်တစ်ပါး ဖြစ်တယ်လို့ သိရပါတယ်။

Sunday, February 7, 2010

မြို့မုံရွာ သမိုင်း အဘိဓာန် ရေးသားပြုစုမည်

မြို့မုံရွာ သမိုင်း အဘိဓာန် ရေးသားပြုစုမည်

မြို့မုံရွာ သမိုင်း အဘိဓာန်ကို အရှင်ရေ၀တ(သာသနာ့ပျိုးခင်း) ရေးသားပြုစုမည်ဖြစ်ကြောင်း မုံရွာ စာပေရောင်းရင်းများထံမှ သိရသည်။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)သည် လာမည့်မတ်လတွင် မုံရွာ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ မုံရွာမီဒီယာအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ရန် ရောင်ခြည်သစ်မျက်မမြင်ပရဟိတသင်တန်းကျောင်းတွင် လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ သို့အတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ရန်ကုန်တွင် နည်းပြတာဝန်ထမ်းဆောင်နေသော အရှင်ရေ၀တအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလျှောက်ထားရာ ဟုတ်မှန်ကြောင်း မိန့်ကြားသည်။ မုံရွာ အဘိဓာန်ရေးသားရခြင်း ရည်ရွယ်ချက်ကို လျှောက်ထားရာ ““အရှေ့လယ်တီတိုက်၊ အုတ်ကန်တောရစာသင်တိုက်၊ မဟာဇောတိကတိုက်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များရဲ့ ဂုဏ်ကျေးဇူးကို ဆပ်လိုတာရယ်၊ မုံရွာနဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေ တစ်စုတည်း ရှိစေချင်တာရယ်၊ နောက်နောင် မှီငြမ်းကိုးကားရာ စာအုပ်တစ်အုပ်အဖြစ်ရှိစေချင်တာရယ်ကြောင့် ရေးသားရဖို့ ဖြစ်လာတာ““လို့ မိန့်ကြားသည်။ ဘယ်လိုပုံစံနဲ့ ရေးသားမည်လဲ ဟု လျှောက်ထားရာ ယင်းက “စွယ်စုံကျမ်းပုံစံတော့ ၀င်အောင် ရေးရမယ်။ မုံရွာရဲ့ တည်နေရာကစလို့ နောက်ခံသမိုင်းများအပါအ၀င် ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပါားရေး၊ ကျန်းမာရေး၊ စာပေအနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံစတဲ့ ယနေ့ ဖွံ့ဖြိုးတိုးတက်မှုများအထိပါ ပါဝင်အောင် ရေးမှာဖြစ်တယ်““ဟု မိန့်ဆိုသည်။ အချိန်ကာလသတ်မှတ်ထားမှုကို တော့ 2 နှစ်ခွဲခန့် အချိန်ယူမှာဖြစ်တယ်လို့လည်း သိရသည်။ အဓိကကတော့ စာအုပ်စာတမ်းလိုအပ်နေသေးလို့ ပတ်သက်စပ်ဆက်တဲ့ စာအုပ်စာတမ်းတွေ စာဆောင်းနေကြောင်း သိ၇သည်။ မုံရွာနှင့်ပတ်သက်သော စာအုပ်စာတမ်းများ၊ ကို လှူဒါန်းလိုပါက ၁။ ကိုမျိုးမင်းဦး၊ ဦးမြသွေးလက်ဘက်ရည်ဆိုင်၊ မာဃလမ်း၊ မုံရွာမြို့။ ၂။ ဦးမျိုးဝင်း၊ ရွှေတေးသံစာပေ၊ မုံရြွျာမို့။ ၃။ ဦးလွင်ချန်ဖြိုး၊ စီးပွားရေးတက္ကသိုလ်၊ မုံရွာမြို့။ ၄။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း) ပဲခူးဆောင်၊ လက်ထောက်အဆောင်မှူး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကမ္ဘာအေး။ ရန်ကုန်မြို့၊ ဖုန်း 095025409 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။