Wednesday, February 24, 2010

ဘွဲယူတော့မယ်

2010 ဖေဖော်ဝါရီလရဲ့ 26-27-28 နေ့တွေမှာ ကလေးတက္ကသိုလ်ရဲ့ (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ ကလေးတက္ကသိုလ် သက်တမ်း( ၂၀ ) နှစ်နီးပါး ရှိခဲ့ပြီး ဒီနှစ်ဘွဲ့နှင်းသဘင်ဟာ (၅)ကြိမ်မြောက်ခဲ့ပါပြီ။ တက္ကသိုလ်ကြီးက မွေးထုတ်လိုက်တဲ့ ဘွဲ့ရမောင်မယ်တွေသာတစ်နှစ်ပြီးတစ်နှစ် ထွက်ပေါ်လာပေမယ့် တက္ကသိုလ်ကြီးရဲ့ ဘွဲ့နှင်းသဘင်ကျင်းပတဲ့ ခန်းမနေရာဟာ အခုထိ အပြောင်းအလဲမရှိသေးပါဘူး။ ပထမအကြိမ်တုန်းကတော့ သီရေတာကြီးထဲမှာ အလှဆင်ပြီးလုပ်ခဲ့ပါတယ်။ ဘွဲ့ရမောင်မယ်အရေအတွက်ကလည်း သိပ်မများသေးတာမို့ ၀န်နဲ့အားမျှခဲ့ပြီး တင့်တင့်တယ်တယ်တယ်လေး ဖြစ်ခဲ့တယ်လို့ဆိုရမှာပေါ့။ ညစာစားပွဲကိုပါကျင်းပပေးခဲ့တာမို့ ဘွဲ့နှင်းသဘင် ခန်းမထဲမှာ မယူရတာကလွဲလို့ သူတို့တွေ ဘွဲ့အရသာကို အပြည့်အ၀နီးနီးခံစားခဲ့ကြရပါတယ်။ အဲဒီတုန်းကများ ကိုယ့်အစ်ကို အစ်မတွေ ဘွဲ့နှင်းသဘင်လေးနဲ့တောင် မယူရပါလားလို့ ၀မ်းနည်းခဲ့ရသေးတာပ။ ဟော အခုတော့ ကိုယ့်အလှည့်။ ဘွဲ့ရမောင်မယ်တွေကများ နေရာက ကျပ်၊ ဘွဲ့နှင်းသဘင်ခန်းမဆိုတာ နေရာတောင် တိတိကျကျမသိသေးဘူးထင်ပါရဲ့။ ဒုတိယအကြိမ်ကစပြီး သုံးထပ်စာသင်ဆောင်ကြီး နှစ်ဆောင်ကြားမှာ တာလပတ်မိုးကာတွေမိုးလို့ ၊ စင်ထိုးလို့ အရေးပေါ် ဘွဲ့နှင်းသဘင်မှာ ယူကြရတာ။ သူများမြင်လို့မှ မတင့်တယ်တဲ့ အခြေအနေပါ။ ဘွဲ့ရလို့သာယူရပေမယ့် ရင်ထဲမှာတော့ မနွေးပါဘူး။ အိမ်ကမိဘတွေကို ခေါ်မယ်။ ဒါသားတို့ ဘွဲ့နှင်းသဘင်ခန်းမလို့ပြောရမှာလည်း ရှက်ရှက်ပါ။ ဟုတ်တယ်လေ။ သူတို့တွေလည်း တောင်သူကြီးတွေဆိုတော့ မိုးကာမိုးထားတဲ့ ကျဉ်းကျပ်ကျပ်ခန်းမဆိုတာ ဘယ်ကအထင်ကြီးဂုဏ်ယူပါ့မလဲ။ ဒီထက် ပိုတိတိကျကျပြောရရင် အဲဒီနေရာရဲ့ အောက်ဘက်မှာ ကျင်းကြီးတွေကလည်း ရှိသေးသတဲ့ဗျ။ ဘာကျင်းကြီးတွေလို့တော့ မပြောပါရစေတော့နဲ့ဗျာ။ ရှက်လွန်းလို့ သေရပါလိမ့်မယ်။ ပြီးတော့ သုံးထပ်ဆောင်ကြီးတွေကြားထဲက ကွက်လပ်မှာလုပ်တာဆိုတော့ တစ်နှစ်တာလုံး စွင့်ပစ်ခဲ့ကြတဲ့ အမှိုက်နဲ့ ပေါင်းပင်တွေကို မနည်းရှင်းထားရတာလားခင်ဗျ။
နောက် ညစာစားပွဲလည်း မထင်ပါဘူးဗျာ။ အခုထိ(24-2-2010)တော့ ခပ်အေးအေးပါပဲ။ ဘွဲ့ရမောင်မယ် (၈၀၀)လောက်ရှိတယ်လို့ သက်ဆိုင်ရာကနေ နားစွန်နားဖျားသိရပါတယ်။ ဒီလူဦးရေလောက်ကို ဘွဲ့ဝတ်စုံထုတ်ပေးနေတာ (၃)ရက်တောင်ရှိနေပါပြီ။ မပြီးနိုင်သေးပါဘူး။ အစီအစဉ်ကလည်း ညံ့ညံ့ဆိုတော့ ပထမနေ့ကနေစောင့်နေကြရတဲ့ မောင်မယ်တွေဟာ နှစ်ရက်ဆက်၊ သုံးရက်ဆက်စောင့်ကြရပါတယ်။ တတ်နိုင်ဘူးလေ။ ဒါထုံးစံပဲထင်ပါရဲ့။ မေဂျာလိုက်ခွဲတာလည်း မဟုတ်။ နေ့အလိုက်ခွဲတာမှာ နှစ်ရက်ထဲကို ရှုပ်နေအောင်လုပ်တတ်ကြတာတော့ သက်ဆိုင်ရာ စီမံတွေကို ချီးကျူးရမှာပါခင်ဗျ။ ပထမအကြိမ်က ကျောင်းအုပ်ဆရာကြီး စေတနာတွေနဲ့ ဆောက်ပေးခဲ့တဲ့ Recreation စင်တာကလည်း ဘွဲ့ရမောင်မယ်တွေ ဘွဲ့ဝတ်စုံအတွက် တိုးလိုက် ဝှေ့လိုက်ကြတာ လက်ရန်းတွေကျိုး၊ ပြူတင်းပေါက်တွေပြုတ်လို့ပါပဲ။ လွန်သလားတော့မမေးနဲ့။ တစ်နေကုန်စောင့်နေကြရတာဆိုတော့ တိုးတာပေါ့ဗျာ။ ပြီးတော့ မောင်မယ်တွေက ပြောကြသေးတယ်။ ယူသာယူရမှာ စိတ်က မပါဘာဘူး။ ဘွဲ့နှင်းသဘင်ခန်းမကလည်း အကျိုအကြားမှာတဲ့လေ။ တစ်ဆင့် လေးနှစ်ကျော် ရင်းခဲ့ရတဲ့ဘွဲ့ပဲကွ၊ အခုမှတော့ စိတ်မပျက်ပါနဲ့လို့ အားပေးရသေးတယ်။ မနက်ဖြန် မပြီးသေးတဲ့ ဘွဲ့ဝတ်စုံထုတ်ဖို့ကိစ္စအတွက် သွားရပါဦးမယ်။ ဟို သန်ဘက်ခါဆိုရင် ကျွန်တော် အစမ်းယူလေ့ကျင့်ရတော့မယ်လေ။ တတ်နိုင်ဘူးဗျာ။ တစ်သက်တစ်ခါ အမှတ်ရစရာတွေနဲ့ ဘွဲ့နှင်းသဘင်ပါပဲ။
နောက်လာမယ့် မျိုးဆက် ဘယ်လောက်ထိများ ဒီလို အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ကြရဦးမယ်ဆိုတာတော့ ဘုရားမှပဲ သိပါလိမ့်မယ်။ တံတားကြီးတွေတစ်စင်းပြီး တစ်စင်းတော့ ပေါ်နေတာ ဟောကနဲ ဟောကနဲမို့ အားတော့မငယ်ပါဘူး။ သားတွေမြေးတွေဆိုရင်တော့ အဖေ ဒါသားတို့ ဘွဲ့နှင်းသဘင်ဗျလို့ ကျွန်တော်ကြားရနိုင်မယ်ထင်ပါရဲ့။

No comments:

Post a Comment