Trade News------http://www.myanmartradenet.com.mm/------
နယ်စပ်ကုန်သွယ်မှုသတင်း (18 - 08 - 08)
မြန်မာ့ဆေးရိုးများ အိန္ဒိယသို့အလည်သွား။
မြန်မာ့ဆေးရိုးများကို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ပို့ကုန် လိုင်စင်လျှောက်ထားပြီး အိန္ဒိယနိုင်ငံသို့ ကုန်သည်အချို့ကတင်ပို့လျက်ရှိပါ တယ်။ အဲဒီ ဆေးရိုးများကို အိန္ဒိယနိုင်ငံ သားများက ပြုတ်၊ ပေါင်း၍ အရည်လုပ်ပြီး ဆေးရိုးပေါင်းရည်အား ကျန်းမာရေးနဲ့ ကိုက်ညီစေဖို့ ငုံတဲ့ဓလေ့ရှိတယ်လို့ သိရပါတယ်။ သာမာန် လူတန်းစားများက အရက်အစားသောက်သုံးတယ်လို့လည်း သိရှိရပါတယ်။အဲဒါအပြင် ဆေးရိုးအား ပေါင်း၍ပြုပြင်ပြီး ကွမ်းနှင့်စားဆေး၊ အာမွှေး၊ 92 အမွေးအကြိုင်အဖြစ် မြန်မာ နိုင်ငံတွင်းသို့ ပြန်လည်တင်သွင်းကြတယ်လို့လည်း သတင်းရရှိပါတယ်။ဇွန်လတွင် ဆေးရိုး ၄ ဒသမ ၇ တန် တင်ပို့ရောင်းချ နိုင်ပြီး ဇူလိုင်လတွင် ဆေးရိုး (၁၃)တန် တိုးတက် တင်ပို့ ရောင်းချနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ဆေးရိုး တစ်တန်ကို ကျပ် ၅၀၀၀၀ ကျော်ဈေးရရှိတယ်လို့ ကုန်သည်များထံက သိရှိရပါတယ်။
Source:နကသ (ရိဒ်)
အေးအေးမြ
နယ်စပ်ကုန်သွယ်မှုသတင်း (18 - 07 - 08)
ရိဒ်နယ်စပ်ဓာတ်မြေသြဇာတင်သွင်းမှု။
မြန်မာ-အိန္ဒိယနယ်စပ်ရိဒ်ခေါရ်ဒါ နယ်စပ်ကုန်သွယ်ရေးမှ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၄ ရက်အတွင်း ယူရီးယား ဓာတ်မြေသြဇာ ၃၆၇ ဒသမ ၅ တန်ကို တင်သွင်းခဲ့ပြီး ကာလတူဇွန်လ ၁၄ ရက်အတွင်း ၃၄၃ ဒသမ ၅ တန်တင်သွင်း ခဲ့သဖြင့် သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရန်အတွက် ပိုမိုတင်သွင်းလာတာဖြစ်ကြောင်း သတင်း ရရှိပါတယ်။
Source: နကသ (ရိဒ်)
မော်မော်အောင်
Trade News
နယ်စပ်ကုန်သွယ်မှုသတင်း (18 - 09 - 08)
စက်တင်ဘာလ ဒုတိယပတ်တွင် ကုန်သွယ်မှုတိုးတက်လာတဲ့ တမူးနယ်စပ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ပို့ကုန်တန်ဖိုး ကျပ် ၇၆ သန်းကျော်၊ သွင်းကုန်တန်ဖိုး ကျပ် ၁၂ သန်းကျော် တင်သွင်းနိုင်တဲ့ အတွက် ကုန်သွယ်မှုပမာဏ ကျပ် ၈၈ သန်းကျော်ဖိုး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလတူ သြဂုတ်လ ဒုတိယပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုင်ရင် ကုန်သွယ်မှုပမာဏ ကျပ် ၂၈ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အများဆုံးပို့ကုန်ပစ္စည်းတွေကတော့ နန့်ဖာလုံ အမယ်စုံများဖြစ်တဲ့ ဆပ်ပြာမှုန့်၊ အုန်းသီး၊ ဓာတ်ဘူး၊ ထမင်းပေါင်း အိုး၊ မစီးကော်ကွင်းထိုးဖိနပ်၊ မီယာစောင်များဖြစ်ပြီး သွင်းကုန်ပစ္စည်းများကတော့ ပိုတက်ဓာတ်မြေသြဇာ၊ ယူရီးယားဓာတ်မြေသြဇာနဲ့ ဇီယာများ တင်သွင်းခဲ့ပါတယ်။ မိုးရာသီလမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကြားက ကုန်သွယ်မှုတွေ တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။
Source: နကသ(တမူး)
သန်းသန်းဆွေ
နယ်စပ်ကုန်သွယ်မှုသတင်း (26 - 09 - 08)
အိန္ဒိယနယ်စပ်မှာ မြန်မာ့အုန်းသီးများ တင်ပို့မှုတိုးတက်။
မြန်မာ-အိန္ဒိယနယ်စပ်၊ မိုရေးအင်ဖာမြို့ဟာ ကသည်းလူမျိုးအများစုနေထိုင်ကြတဲ့မြို့ဖြစ်ပါတယ်။ အုန်းသီးကို ကသည်းလိုယူပီးလို့ခေါ်ဝေါ်ကြပြီး အုန်းဆီထုတ်လုပ်မှုအတွက် ပုံမှန်ဝယ်လက်ရှိတဲ့ မြန်မာ့ပို့ကုန် တစ်မျိုးဖြစ်ပါတယ်။
မကြာခင်ကျရောက်တော့မယ့် သီးတင်းကျွတ်ပွဲတော်ကာလဖြစ်တဲ့ စက်တင်ဘာလ ကုန်ပိုင်းမှ အောက်တိုဘာလ လယ်ထိမှာမိရိုးဖလာအစဉ်အလာအရ ဆွေမျိုးတော်စပ်သူ ဦးရေအလိုက် ကန်တော့ပွဲတစ်ပွဲစီဖြင့် လိုက်လံကန်တော့လေ့ရှိကြပါတယ်။ ကန်တော့ပွဲမှာ အုန်းသီး၊သစ်သီးစုံ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထည့်သွင်းအသုံး ပြုပြီး အုန်းသီး ဟာ မပါမဖြစ် ပါရမယ့်ကန်တော့ပွဲဝင် ပစ္စည်းဖြစ်ပါတယ်။
ယခုအခါ ပွဲတော်ရက်နီးကပ်နေပြီဖြစ်တဲ့အတွက် ကလေးခရိုင်ဒေသအတွင်း တစ်အိမ်တက်ဆင်း အုန်းသီးများကို ၀ယ်ယူစုဆောင်းပြီး ထရော်လာဂျီများနဲ့ တမူးသို့ သယ်ယူပြီး နမ့်ဖာလုံဈေးမှာ ရောင်းချလျက်ရှိ ကြပါတယ်။
အုန်းသီးတစ်လုံးကို ကျပ် ၁၅၀ မှ ၁၇၀ ထိပေးဝယ်နေပြီး လက်လီရောင်းဈေးကတော့ ၂၄၀ မှ ၂၇၅ ကျပ်၊ ရူပီးအားဖြင့် ၉ ရူပီးမှ ၁၀ ရူပီးထိ ဈေးပေါက်လျက်ရှိပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ နမ့်ဖာလုံအမယ်စုံပစ္စည်း အုန်းသီးတင်ပို့မှုမှာ ၂၀၀၈ ခုနှစ် သြဂုတ်လမှာ အုန်းသီးလုံးရေ ၆၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၉ သောင်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့အထိ အုန်းသီးအလုံးရေ ၇၀၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၁ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သည်အသင်းက သတင်းရရှိပါတယ်။
Source: နကသ (တမူး)
တင်ထွန်းဦး
Trade News
နယ်စပ်ကုန်သွယ်မှုသတင်း (05 - 02 - 09)
ရိဒ်နယ်စပ်မှ ဓာတ်မြေသြဇာပိုမိုတင်သွင်းနိုင်။
ရိဒ်နယ်စပ်စခန်းမှ ဇန်န၀ါရီလတွင်း စိုက်ပျိုးရေးသွင်းအားစု ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းလျက်ရှိရာ ဇန်န၀ါရီလမှာ ဒီဇင်ဘာလထက် တန်ချိန် ၅၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ် ၁၀ သန်း ကျော်နှင့် ကန်ဒေါ်လာအားဖြင့် ၉ သောင်းကျော်ဖိုး ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
နွေစပါးစိုက်ပျိုးရာသီချိန်နှင့် မိုးကြိုကာလများ စပါးစိုက်ပျိုးရာသီချိန်အတွက် ပိုမိုဝယ်ယူလာနိုင်ဖွယ်ရှိ တယ်လို့ နယ်စပ်ကုန်သည်အသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ရိဒ်နယ်စပ်မှာ ယူရီးယားရော ပိုတက်ရှ် ဓာတ်မြေသြဇာဈေးနှုန်းများဟာ ဇန်န၀ါရီလ ဒုတိယပတ်တွင် ရူပီး ၆၀၀ မှ ၆၂၀ ခန့်ထိ ဈေးမြင့်ခဲ့သော်လည်း ဇန်န၀ါရီလနှောင်းပိုင်းတွင် ရူပီး ၅၅၀ ခန့်ထိ ဈေးနှုန်းကျဆင်းလျက်ရှိတဲ့အတွက် မိမိဘက်မှ ကုမ္ပဏီများက ယခင်လကထက် ပိုမိုဝယ်ယူနေကြခြင်းဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
Source:နကသ(ရိဒ်)
ကေကေမောင်
Trade News
နယ်စပ်ကုန်သွယ်မှုသတင်း (09 - 04 - 09)
မြန်မာ-အိန္ဒိယနယ်စပ်မှ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေသြဇာ တန်ချိန် ၆၀၀၀ ကျော် တင်သွင်းခဲ့။
မြန်မာ-အိန္ဒိယနယ်စပ်တွင် တမူးနှင့် ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်ပြီး ကုန်သွယ်မှုများဆောင်ရွက် လျက်ရှိပါတယ်။တမူးနယ်စပ်ရဲ့ အများဆုံးသွင်းကုန်တွေကတော့ ဓာတ်မြေသြဇာ ပရဆေးကုန်ကြမ်းနှင့် လူသုံး ကုန်အနည်းအကျဉ်းသာတင်သွင်းနေပြီး ရိဒ်နယ်စပ်အနေနဲ့ကတော့ ဓာတ်မြေသြဇာ ယူရီးယားနဲ့ ပိုတက်ရှ်ကိုသာ အဓိကထား တင်သွင်းလျက်ရှိပါတယ်။
၂၀၀၈-၀၉ ဘဏ္ဍာနှစ်အတွင်း တမူးနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဓာတ်မြေသြဇာ တင်သွင်းမှုမှာ ယူရီးယားတန်ချိန် ၁၁၀၀ ကျော်နဲ့ ပိုတက်ရှ် တန်ချိန် ၆၀၀ နီးပါး တန်ဖိုးအားဖြင့် ကျပ်သန်း ၄၀၀ ကျော်ဖိုးတင်သွင်း ခဲ့ပါတယ်။ ရိဒ်နယ်စပ်စခန်းအနေနဲ့ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၄၅၀၀ ကျော်၊ တန်ဖိုးကျပ် ၁၁၅၀ သန်း၊ဒေါ်လာ ၀ ဒဿမ ၁၆ သန်း၊ ပိုတက်ရှ်တန်ချိန် ၈၇၀၀ ကျော်၊ တန်ဖိုးကျပ် သန်း ၁၄၀၀ ခန့် ၊ ဒေါ်လာ ၀ ဒဿမ ၉၃ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။
တမူးနယ်စပ်စခန်းအနေနဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်မှ အောက်တိုဘာလထိသာ ဓာတ်မြေသြဇာတင်သွင်း မှုရှိခဲ့ပါတယ်။
ရိဒ်နယ်စပ်စခန်းအနေနဲ့ကတော့ယူရီးယားဓာတ်မြေသြဇာတင်သွင်းမှုသည် အနည်းအများ ပုံမှန်မရှိ သော်လည်း ပိုတက်ရှ်ဓာတ်မြေသြဇာတင်သွင်းမှုသည် စတင်သွင်းစဉ်က ၁၂ တန်ခန့်သာရှိပြီး တစ်စတစ်စတိုးတက် တင်သွင်းလာရာ ဖေဖော်ဝါရီ နှင့် မတ်လများတွင် တန်ချိန် ၁၀၀၀ ကျော်ထိ တင်သွင်းလာ တာတွေ့ရပါတယ်။ ယခုကဲ့သို့ ရိဒ်နယ်စပ်အနေနဲ့ ဓာတ်မြေသြဇာများကို ပိုမိုတင်သွင်းလာခြင်းမှာ တစ်ဘက် နိုင်ငံတွင် ဓာတ်မြေသြဇာ ရောင်းဈေးသည် ၁ အိတ်လျှင် ၅၉၀ ရူပီးမှ ၄၉၀ ရူပီးသို့ ကျဆင်းခဲ့သည့်အတွက် ဈေးနှုန်းအရတွက်ချေကိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအရ မိုးမ၀င်မီဝယ်ယူစုဆောင်းခြင်း၊ ပြည်တွင်းဈေးကွက်ဝယ်လိုအားရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ရိဒ်နယ်စပ်ကုန်သည်တစ်ဦးထံမှ သတင်းရရှိပါတယ်။
Source: နကသ(ရိဒ်)
ခင်မိုးသူ
တမူးနယ်စပ်မှ အိန္ဒိယသို့ ကွမ်းသီးတင်ပို့မှု သိသိသာသာမြင့်တက်။
[15- 05- 09 ]
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဧပြီလမှာ တစ်ဘက်နိုင်ငံသို့ ကွမ်းသီးတန်ချိန် ၃၅၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။မနှစ်က ကွမ်းသီးတင်ပို့နိုင်မှုမှာ တန်ချိန် ၂၀၀ ကျော်သာ ရှိတဲ့အတွက် ယမန်နှစ်တစ်နှစ်လုံးတင်ပို့နိုင်မှုထက် ယခုနှစ်ဧပြီလ ၁ လတည်း တင်ပို့မှုက တန်ချိန် ၁၅၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ တမူး နယ်စပ် ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။
Trade News
ပြည်တွင်းကုန်သွယ်မှုသတင်း (22 - 05 - 09)
မိုးသီးနှံအမီ မုံရွာ မြေဆီဈေးကွက်အတွင်း ဓာတ်မြေသြဇာစီးဝင်မှုသွက်လက်။
စပါးခင်းထက် ပဲစိုက်ခင်းတွေ ပိုမိုများပြားတဲ့ မုံရွာနယ် တစ်ဝိုက်က တောင်သူတွေအနေနဲ့ သီးနှံအထွက် တိုးဖို့ အားစိုက်ကြိုးပမ်းလာကြတဲ့အတွက် အထောက်အကူပစ္စည်းဖြစ်တဲ့ ဓာတ်မြေသြဇာသုံးစွဲမှုပမာဏများပြား လာခဲ့ကြ သလို မြေဆီဈေးကွက်လည်း ကျယ်ပြန့်လာတာတွေ့ရပါတယ်။
ယခုကဲ့သို့ မိုးဦးကျကာလမှာ မိုးသီးနှံများအတွက် အဓိကလိုအပ်တဲ့ ဓာတ်မြေသြဇာများကို မုံရွာ ကုန်သည်တွေ ၀ယ်ယူစုဆောင်းလျက်ရှိပါတယ်။ ဧပြီလ သင်္ကြန်ပြီးချိန်ကနေ ယနေ့ထိ တရုတ်ဓာတ်မြေသြဇာ အိတ် တစ်သိန်းခွဲခန့်၊ မြင်းခြံ ဇီဝမြေသြဇာအိတ် နှစ်သောင်းခန့်အပြင် အိန္ဒိယထုတ်ဓာတ်မြေသြဇာအိတ် တစ်သိန်းခန့် မုံရွာဈေးကွက်သို့ စီးဝင်ခဲ့ တယ်လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။
တရုတ်ဓာတ်မြေသြဇာအများစုကတော့ ဈေးနှုန်းသိသိသာသာပြောင်းလဲမှုမရှိပေမဲ့ အိန္ဒိယ ပုလဲနဲ့ပိုတက်ဈေးက မနှစ်ကထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး လက္ကားဈေးတစ်အိတ် ကို ၁၈၀၀၀ ကျပ် ၀န်းကျင် ပေါက်ဈေးရှိတယ်လို့သိရပါတယ်။
ထွန်းလှိုင် - မုံရွာ
မိုးဖြိုင်ဖြိုင်မရွာမီ ဓာတ်မြေသြဇာများတင်သွင်းရန် ရိဒ်နယ်စပ်စခန်းမှာ ဆောင်ရွက်နေ
မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုနှစ်ဧပြီလ၌ ဓာတ်မြေသြဇာ ယူရီးယား နဲ့ ပိုတက်ရှ်တင်သွင်းမှုဟာ ယမန်နှစ် ကာလတူထက် ၃ ဆကျော် ပိုမိုခဲ့ပါတယ်။ ယမန်နှစ် ဧပြီလမှာ တန်ချိန် ၁၁၀၀ ကျော်တင်သွင်းခဲ့ပြီး ယခုနှစ်မှာတော့ တန်ချိန် ၃၇၀၀ ကျော် တင်သွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မိုးဖြိုင်ဖြိုင်မရွာမီ ရနိုင်သလောက်သယ်ယူတင်သွင်းလျက်ရှိကြတယ်လို့ သိရပါတယ်။ ရိဒ်မှ ကလေးထိ တစ်ခါတည်းသယ်ယူခြင်းမပြုဘဲ မိုးရာသီတွင် ဗွက်လမ်းများဖြစ်ပေါ်လေ့ရှိတဲ့ အတက်အဆင်းခက်ခဲသောရိဒ် နဲ့ တီးတိန်အကြားလမ်းကို ကျော်ဖြတ်ရန် ယခုအခါ ရိဒ်မှ တီးတိန်း အထိ သာဦးစားပေးသယ်ယူလျက်ရှိပါတယ်။ ဂျစ်ကားများရိဒ်နဲ့ တီးတိန်ကို တစ်နေ့လျှင် ၂ ခေါက် ကျအောင် သယ်ယူလျက်ရှိတယ်လို့ သိရပါ တယ်။
ဧပြီလမှာ ယူရီးယားဓာတ်မြေသြဇာ တန်ချိန် ၇၀၀ ကျော်၊ ပိုတက်ရှ် တန်ချိန် ၃၁၀၀ ကျော်၊ စုစုပေါင်း တန်ချိန် ၃၈၀၀ ကျော်တင်သွင်းခဲ့ပြီး မတ်လမှာတော့ ဓာတ်မြေသြဇာ ၂ မျိုးပေါင်း ၃၃၀၀ ကျော်တင်သွင်းခဲ့ ပါတယ်။အနီးစပ်ဆုံးကာလထက် တန်ချိန် ၅၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။
ကုန်စည်စီးဆင်းမှု အဆက်မပြတ်ရှိစေရေးအတွက် အဓိကပို့ဆောင်ပေးသောယာဉ်များကြံ့ခိုင်မှုရှိရန်လိုအပ်ပါတယ်။ မိုးရာသီနီးကပ်လာပြီဖြစ် တဲ့အတွက် တောင်ပြိုခြင်း၊ ဗွက်လမ်းများဖြစ်ပေါ်လေ့ရှိပါတယ်။ လမ်းပေါ်တွင် ယာဉ်များပျက်ပါက ယာဉ် လမ်းကြောပိတ်ဆို့ပြီး အခြားအတက် အဆင်းယာဉ်များ ရဲ့သွားလာမှု ကို ထိခိုက်စေမှာဖြစ်တဲ့အတွက် ယာဉ်ကြံ့ခိုင်ရေးအတွက်ကြိုတင်စစ်ဆေးပြင်ဆင်ရန်နဲ့ မတော်တဆမှုရှိက နီးစပ် ရာ တပ်စခန်းရွာကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ကြောင်း ကုန်သည်များအား အသိပေးနိုးဆော်ထားတယ် လို့ သတင်းရရှိပါတယ်။
Ref : နကသ (တမူး)
Posted on 20 May, 2009
တောင်သူထိန်းသလို လှောင်လက်သိမ်းနေတဲ့ မုံရွာကြက်သွန်နီဈေးကွက်
မုံရွာနယ်က ကြက်သွန်နီစိုက်တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဈေးမလိုက်လို့ ရှုံးခဲ့ရတဲ့အကြွေးဟာ ဒီနှစ်လက်ရှိပေါက်ဈေးကြောင့် အနည်း ငယ်ရင်အေးခဲ့ကြရတယ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကြက်သွန်စိုက်လို့ ရှုံးခဲ့ပေမဲ့ အပြုံးမပျက်ဆက်လက်စိုက်ပျိုးခဲ့ကြတဲ့ ကြက်သွန် တောင်သူတွေဟာ ဇွဲကောင်းမှုရဲ့ ရလာဒ်အဖြစ် ယခုနှစ်ကြက်သွန်ပေါ်ချိန်ကတည်းက တစ်ပိဿာ ၂၅၀ ကျပ်-၃၀၀ ကျပ်နဲ့ အဖွင့်ဈေးလှခဲ့ကြပါ တယ်။ သင်္ကြန်ပြီးချိန်ကနေ ယနေ့အထိ တရိပ်ရိပ်တက်ခဲ့ရာ ဒီနေ့ထိပ်စ တစ်ပိဿာ လက်ကားဈေး ၅၀၀ ကျပ်၊ လတ်စ တစ်ပိဿာ ၄၇၀ ကျပ်နဲ့ လတ်သေး တစ်ပိဿာ ၄၀၀ ကျပ်ခန့်ထိ ဈေးရခဲ့ကြပါတယ်။ ယခုနှစ်ချောင်းရိုးစိုက်တဲ့ ကြက်သွန်ခင်းတွေ ချောင်းရေမဆင်းလို့ စိုက်ဧကလျော့ ခဲ့ကြသလို လှောင်လက် အချို့ကလဲဝယ်ယူနေကြတဲ့အတွက် ယခုလိုဈေးကောင်းရခဲ့ခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်ကကြားသိရပါတယ်။
ဒီနှစ်တရုတ်ပြည်က ကြက်သွန်နီဝယ်လိုအား လျှော့ကျခဲ့လို့ မန္တလေးကိုထပ်ဆင့်တင်ပို့မှု ပမာဏလဲနည်းပါးလျက်ရှိတာတွေ့ရပါတယ်။ ယနေ့ အထိ ကြက်သွန်နီတောင်သူလက်ဝယ်မှာ စုစုပေါင်းအထွက်ရဲ့ တစ်ဝက်နီးပါးကျန်နိုင်သေးလို့ တောင်သူထိန်းသလို လှောင်လက်လဲ သိမ်းနေတဲ့ အတွက် မုံရွာကြက်သွန်နီဈေးကွက်ဟာ ဈေးဆက်လက်ခိုင်မာနေနိုင်တယ်လို့ခန့်မှန်းသိရှိရပါတယ်။
Ref :
Posted on 18 May, 2009
ထီးအများအပြား မီဇိုရမ်သို့ သွား
မြန်မာ-အိန္ဒိယနယ်စပ်တစ်ခုဖြစ်တဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဘက် မီဇိုရမ်ပြည်နယ်သို့ ၀က်၊ ကျား/မကင်းဘတ်ဖိနပ်၊ မီးခြစ်၊ မုန့်မျိုးစုံ၊ ထီး၊ ခေါင်းလိမ်းဆီ၊ မိတ်ကပ်၊ ခြင်ဆေးဘူး၊ ဖိုင်ဘာပန်းကန်၊ ကလေးစီးဖိနပ်၊ ဓာတ်ဘူး၊ မတ်ခွက်၊ ကျွတ်ကျွတ်အိတ်၊ ပလပ်စတစ်အိတ်၊ ငါးသေတ္တာ၊ ကွမ်းသီး အများစုကို တင်ပို့လျှက်ရှိပါတယ်။ ယခုမိုးရာသီ ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ယခင်ဧပြီလတစ်လလုံး ထီးအလက် ၄၀၀၀ ကျော်၊ ကျပ် ၂ သန်းဖိုး ခန့် တင်ပို့နိုင်ခဲ့ပြီး ယခုမေလတတိယပတ်ထိ ထီးအလက် ၈၀၀၀ ကျော် ၊ ကျပ် ၃ သန်းကျော်ဖိုး တင်ပို့ နိုင်ခဲ့တဲ့အတွက် ၀ ဒဿမ ၉၁၈ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိုးတွင်းသုံးပစ္စည်းအမယ်ဖြစ်တဲ့အတွက် လာမည့် အပတ်များမှာလဲ ပိုမိုတင်ပို့နိုင်မယ့်အခြေအနေ ရှိကြောင်းရိဒ် နယ်စပ်ကုန်သည်တစ်ဦးထံမှသိရပါတယ်။
Ref : နကသ(ရိဒ်)
Posted on 22 May, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment