မုံရွာ-ဟုမ္မလင်းခရီးစဉ်သွား ရှော်တယ်တစ်စင်းတိမ်းမှောက် ခရီးသည် ၆၀ ၀န်းကျင်ပါဝင်ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေ
မုံရွာမြို့မှ ဟုမ္မလင်းမြို့ အထက်ဘက်ရှိ ဆယ်စင်းရွာသို့ သွားရောက်မည့် ရှော်တယ်တစ်စင်းသည် ဟုမ္မလင်းအောက်ဘက်မင်းကင်းမြို့နယ် ငအုံရွာအနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
....အမည်ရှိသော အဆိုပါရှော်တယ်သည် နိုဝင်ဘာ လ ၁၂ ရက်နေ့ နံနက် ၃နာရီခန့်က ရေယာဉ်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရေယာဉ်တွင် ခရီးသည် ၆၀ ဦးဝန်းကျင်နှင့် ကုန်တန်ချိန် ၃၃တန်ခန့် တင်ဆောင်လာကြောင်း သိရသည်။
'' ရှော်တယ်ရဲ့ သင်္ဘောနောက်ဘက်က ရေဆင်းပိုက်ပြုတ်ပြီး ရေ၀င်ပြီးနစ်သွားတာပါ။ ရေယာဉ်ချို့ယွင်းမှုကြောင့်ပါ။ ရှော်တယ်ကလည်း လိုင်စင်မဲ့မောင်းတာလို့ သိရပါတယ်။ ပြီးတော့ ကုန်တွေ၊ ခရီးသည်တွေကိုလည်း ပိုပြီးတင်ခဲ့တယ်လို့ သိရပါတယ်။ အခုကြားမိသလောက်တော့ ၁၅ယောက်လောက် ပျောက်နေတယ်လို့ ကြားရပါတယ်''ဟု ဒေသခံတစ်ဦးက ဆိုပါသည်။
လက်ရှိတွင် တိမ်းမှောက်မှုဖြစ်ခဲ့သည့် ရှော်တယ်မောင်းနှင်သည့်အဖွဲ့အား ပိတ်ခဲ့ပြီး အဆိုပါနေရာသို့ မုံရွာခရိုင်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက်၍ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် နေရာမှာ ရေစီးကြမ်းပြီး ၀ဲအန္တရာယ်ရှိသည့်နေရာတစ်ခုဖြစ်ကာ မုံရွာမှ နေ့လည်တစ်နာရီခန့်တွင် ထွက်ခွာလာသော ရှော်တယ်ရေယာဉ်များသည် အဆိုပါနေရာကို ညအချိန်ရောက်ရှိပါက ခေတ္တရပ်နားကြပြီး နံနက်လင်းအားကြီးချိန်မှ ဖြတ်သန်းသွားလာလေ့ရှိကြောင်း သိရသည်။
မုံရွာမြို့တွင် မုံရွာ-ဟုမ္မလင်းခရီးစဉ်ကို ပြေးဆွဲပေးနေသော ရှော်တယ်အမြန်ယာဉ်အသင်းဖွဲ့ပေါင်း ၁၈ သင်းခန့်ရှိပြီး အဆိုပါအသင်းများတွင် တရားဝင်ပြေးဆွဲခွင့်ရရှိထားသည့် အသင်းများပါဝင်သကဲ့သို့ လိုင်စင်မဲ့မောင်းနှင်နေသည့် အသင်းများလည်းရှိကြောင်း မုံရွာမြို့ဒေသခံတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=578:2009-11-14-13-26-38&catid=44:2009-11-10-07-31-38&Itemid=113 နှင့် www.news-eleven.com မှ ကူးယူ ဖေါ် ပြသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment