Saturday, November 21, 2009

မိုက်ကယ်လန်းစ်အဖွဲ့ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေမည်

နှစ်ပေါင်းနှစ်ဆယ်ကျော်သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာကျော်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာမည့်ဒီဇင်ဘာလ တတိယပတ်အတွင်း ဖျော်ဖြေပွဲတစ်ခုကို ထူးကုမ္ပဏီအစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီမှ အမှုဆောင် ဦးပြည့်ဖြိုးတေဇက အတည်ပြုပြောကြားသည်။ အဆိုပါပွဲအား ကျင်းပဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးသော ကမ္ဘာကျော်များ၏ လာရောက်ဖျော်ဖြေမှုဖြစ်လာမည် ဖြစ်သည်။ မိုက်ကယ်လန်းစ်အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံအတွင်းတွင် လာမည့်ဒီဇင်ဘာလ ၁၈ရက်နေ့၌ ကျင်းပသွားရန် အကြမ်းဖျင်းစီစဉ်ထားကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် မိုက်ကယ်လန်းစ်အဖွဲ့နှင့် ထူးကုမ္ပဏီတို့အကြား ညှိနှိုင်းမှုများ ပြီးစီးနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မိုက်ကယ်လန်းစ်၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mltr.dkတွင် မိုက်ကယ်လန်းစ်၏ တစ်နှစ်တာဖျော်ဖြေရေး အစီအစဉ်တွင် မြန်မာပြည်ခရီးစဉ်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။

“သူတို့လို ကမ္ဘာကျော်တွေ လာပြီးဖျော်ဖြေမယ်ဆိုတော့ အရမ်းကောင်းတောပေါ့။ ကျွန်တော်ကလည်း သူတို့ပရိသတ်တစ်ယောက်ပါ။ ခုလို သူတို့လာမယ်လို့ကြားရလို့ အရမ်းဝမ်းသာတယ်။ ပွဲကိုကြည့်ဖြစ်အောင် သွားကြည့်မယ်”ဟု မိုက်ကယ်လန်းစ်၏သီချင်း “Sleeping Child”ကို ပြန်လည်ပုံဖော်ထားသော “သူလေအိပ်နေတယ်” သီချင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် စည်သူလွင်က ပြောသည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် မူလက ဒိန်းမတ်နိုင်ငံသား ဂီတပညာရှင်လေးဦးဖြင့် ဖွဲ့စည်းခဲ့သော ရော့ခ်တေးဂီတအဖွဲ့ ဖြစ်သော်လည်း အဖွဲ့ဝင် ဆိုရမ်မက်ဆမ် နုတ်ထွက်သွားသဖြင့် သုံးဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့အဖွဲ့၏ Sleeping Child, Take me to your heart, 25minutes, Blue Night, Eternal Flame, Paint My Love, Somedayစသည့် သီချင်းများမှာ အလွန်ကျော်ကြားသော သီချင်းများဖြစ်ပြီး လူလတ်ပိုင်းမြန်မာပရိသတ်များ အထူးနှစ်သက်ကြသော သီချင်းများဖြစ်သည်။

၎င်းတို့၏ နာမည်ကြီး သီချင်းအားလုံးလိုလိုအား မြန်မာစာသားဖြင့် ထည့်သွင်းသီဆိုထားသော မြန်မာသီချင်းများမှာလည်း ပရိသတ်အကြား အထူးရေပန်းစာခဲ့သည်။ ပရိသတ်ထူးထူခြားခြား အားပေးခံရသော သီချင်းများမှာ မျိုးကြီးပြန်လည်သီဆိုထားသော အပြာရောင်အချစ်ည၊ ဝိုင်းဝိုင်း၏ကြိုးမဲ့စွန်၊ စည်သူလွင်၏ သူလေအိပ်နေတယ်၊ ထွဏ်းထွဏ်း၏ ၂၅မိနစ်စသည့် သီချင်းများဖြစ်သည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် ရော့ခ်တေးဂီတအပျော့စား၊ ဘောလက်ခ်ရော့ခ်၊ ပေါ့ခ်ရော့ခ်၊ အော်တာနေးတစ်ပေါ့ခ်စသည့် တေးဂီတ အမျိုးအစားများကို အများဆုံးသီဆိုလေ့ရှိပြီး သူတို့၏ သီချင်းအများစုမှာ အပြင်းစား ပေါက်ကွဲသံစဉ်များ မပါဝင်ဘဲ သီချင်းအေးအေးငြိမ့်ငြိမ့်များသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဂီတပညာရှင် လာရောက်မှုအနေနှင့် ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာကျော်ရိုလင်းစတုန်းအဖွဲ့မှ ပင်တိုင်အဆိုတော် မစ်ခ်ဂျက်ကာ လာရောက်ခဲ့ဖူးပြီး ၎င်း၏ခရီးစဉ်သည် အလည်အပတ် သက်သက်သာ လာရောက်ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကျင်းပခဲ့ခြင်း မရှိပေ။

Credit: အေးမြကျော် (7Day News Journal, Vol. 8, No. 36)
http://www.planet.com.mm/news/read.cfm/id/14001 (မှ ကူးယူ ဖေါ် ပြသည်)

No comments:

Post a Comment