ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ ရလဒ်များ ပြန်လည်သုံးသပ်
ငှက်ဖျား၊ တီဘီနှင့် အိပ်ခ်ျအိုင်ဗီ (အေ့ဒ်စ်) ရောဂါသုံးမျိုး လျော့ပါးစေရေးအတွက် သရီးဒီအက်ဖ် (Three Diseases Fund -3DF)မှ ငွေကြေးထောက်ပံ့လျက်ရှိရာ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအတွင်း လူ့အသက်ပေါင်းများစွာ ကယ်ဆယ်ရေးအတွက်များစွာ အထောက်အကူ ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော ၂၀၀၈ ခုနှစ်အတွက် လုပ်ငန်းစဉ်ရလဒ်များ ပြန်လည်သုံးသပ် ဆန်းစစ်ခြင်း အစည်းအဝေးတွင် သရီးဒီအက်ဖ် ရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌ ဘက်အက်ကမန်က ပြောကြားသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်ပေါင်း ၆,၈၀၄ ဦးကို အေအာရ်တီဆေးများ ထောက်ပံ့ပေးနိုင်ခြင်း၊ တီဘီဝေဒနာသည်ပေါင်း ၂၇,၈၀၀ နှင့် ငှက်ဖျားရောဂါသည် ပေါင်း ၇၁၂,၆၀၀ တို့အား အောင်မြင်စွာ ဆေးကုသပေးနိုင်ခြင်း စသည်တို့ကို သရီးဒီအက်ဖ် ရန်ပုံငွေ အဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ လူပေါင်း ၆၃၃,၅၀၀ ဦးကို အသိပညာပေးနိုင်ခြင်း၊ အဆုတ်နာဝေဒနာသည် ၁၃၁,၆၁၀ ဦးကို အပြုအမူပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲစေရန် ပညာပေး နိုင်ခြင်းစသည်တို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သော ရောဂါသုံးမျိုးတိုက်ဖျက် ရေးစီမံကိန်းအတွက် သရီးဒီအက်ဖ် အနေဖြင့် စီမံကိန်းပြီးဆုံးမည့် ၂၀၁၁ အထိ အမေရိကန်ဒေါ်လာ ၁၁၄ သန်း သုံးစွဲရန်လျာထားပြီး ယခုနှစ်အထိ ကန် ဒေါ်လာ ၇၁ ဒသမ ၅ သန်းသုံးစွဲပြီးဖြစ်သည်။
ယင်းလျာထားချက် ပမာဏသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် တစ်ခုတည်းသော အမြင့်မားဆုံး ရန်ပုံငွေဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီဝေဒနာ ရှင်ပေါင်း ၂၄၀,၀၀၀ ၀န်းကျင်နှင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးသော ဒေသများတွင် လူပေါင်း ၃၉ သန်းရှိသည့်အတွက် ၎င်းပမာဏမှာ မြင့်မားသည်ဟု မဆိုသာဘဲ ရန်ပုံငွေများစွာ လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။
မြန်မာတိုင်းမ် - အတွဲ ၂၂၊ အမှတ် ၄၃၈ (၅၊ ၁၁၊ ၂၀၀၉)
Friday, November 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment